
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် စစ်ကောင်စီတပ်သည် မြို့နှင့်နီးသည့် ကျေးရွာများနှင့် စာသင်ကျောင်းများတွင် ဗုံးခိုကျင်းများတူးကာ တပ်စွဲနေကြောင်း ဒေသခံများထံကသိရသည်။
ညောင်တုန်းမြို့အနီးရှိ နတ်ပေး၊ ကဇန်း၊ စာဖြူစု၊အတွင်းဂျုံးဂျုံးကျ၊အပြင်ဂျုံးဂျုံးကျ၊ တူးချောင်း၊ ကြောင်သျှာကုန်း၊ဝါးတောစွန်းနှင့် ကျောင်းစုစသည့်ကျေးရွာများရှိ စာသင်ကျောင်းများတွင် စစ်ကောင်စီတပ်မှအင်အား ၆၀နီးပါးဖြင့် တပ်စွဲကာ ကျေးရွာများတွင် ညစဉ်ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရှိရသည်။
“မြို့နဲ့နီးတဲ့ရွာတွေမှာကို စစ်တပ်တွေ တပ်စွဲနေတာမကြာသေးဘူး။ တပ်တွေကအပြင်ကတပ်တွေပဲ တခါမှကိုမတွေ့ဖူးဘူး။အင်အားက ၃၀လောက်ရှိမယ်။ ဒီဇင်ဘာ ၁ ရက်နေ့ မှာလာစွဲသွားတာ။ လက်ရှိအချိန်အထိစွဲထားတုန်းပဲ”ဟု ကဇန်းကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် တော်လှန်ရေးအဖွဲ့များက မြို့သိမ်းတိုက်ပွဲပြုလုပ်လာမည်ကို စိုးရိမ်၍ ကျေးရွာများအနီး တပ်စွဲထားသည့်အပြင် ဗုံးခိုကျင်းများ ပြုလုပ်ရန် ဒေသခံများကို ခိုင်းစေနေကြောင်း ကျေးရွာဒေသခံများထံက သိရသည်။
“မြို့သိမ်းတိုက်ပွဲဖြစ်မှာစစ်တပ်တွေကြောက်လို့လားမသိဘူး။ရွာအနားမှာကိုတပ်စွဲလာတယ်။ ရွာသားတွေကို ဗုံးခိုကျင်းတွေပါအတင်း တူးခိုင်းနေတယ်။ တချို့တွေလည်းကြောက်တော့တူးနေကြတယ်” ဟု အုတ်ဖိုကျေးရွာ ဒေသခံတစ်ဦးကဆိုသည်။
အလားတူ ညောင်တုန်းမြို့နယ် ၉၀၅ အင်ဂျင်နီယာတပ်တွင် ပြီးခဲ့သည့်နိုဝင်ဘာလ၁၉ ရက်နေ့မှစ၍ ခံစစ်အနေအထားပြင်ဆင်ထားပြီး လုံခြုံရေးတိုးမြင့်ထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ထို့အပြင်ညောင်တုန်းမြို့တွင်း၌ ပြီးခဲ့သည့် နိုဝင်ဘာအတွင်းကလည်း မြို့တွင်းနှင့်ညောင်တုန်း-ပုသိမ်လမ်းမတလျှောက်တွင် အင်အား ၄၀ ကျော်ဖြင့် ကင်းလှည့်ခဲ့သည်။
#ဧရာဝတီတိုင်း #ညောင်တုန်း #၉၀၅အင်ဂျီနီယာတပ် #မြို့သိမ်းတိုက်ပွဲ #Ayeyarwaddy_Times