နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

ကရင်ပြည်နယ်၊ အာရှလမ်းမကြီး မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွင် ယခု ဒီဇင်ဘာလ ပထမပတ်ကတည်းက စတင်၍ စစ်ကောင်စီတပ် နှင့် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA) လက်အောက်ခံတပ်ဖွဲ့များ ၊ PDF တော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲများဖြစ်ပွားနေပြီး ကုန်စည်စီးဆင်းမှုများ ကျန့်ကြာနေကြောင်း ကုန်သည်များထံက သိရသည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် မြဝတီ-ကော့ကရိတ်လမ်းပိုင်း အချို့တွင် ကုန်ကားများ ပိတ်မိနေကာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ရှိနေ၍ ကုန်ကားအချို့ထိခိုက်ပြီး ကုန်ပစ္စည်း အချို့ပါ ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း သိရသည်။

“တိုက်ပွဲ ဖြစ်ပွားနေတော့ အရင်က ကုန်မှာလို့ရှိရင် ၂ ရက်လောက်နဲ့ ရောက်နိုင်ပေမယ့် အခုတော့ ၂ပတ်လောက်ကြာသွားတယ်။ ရှိတဲ့လက်ကျန် ကုန်ခြောက် ပစ္စည်းတွေကိုပဲ ဈေးမတက်အောင် ထိန်းညှိ ရောင်းပေးနေရတာပေါ့။ အခုက ကုန်မှာရင်တောင် ခရီး လမ်းကြောင်းအခြေအနေကို အသေးစိတ် စုံစမ်းပြီးမှာရတာ။ လမ်းမှာဆုံးရှုံးမှု တွေလည်း ရှိနိုင်တော့ အရင်လိုတော့ အလွယ်တကူမှာလို့အဆင်မပြေဘူး” ဟု ကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကုန်စည်စီးဆင်းပို့ဆောင်မှုများ ကျန့်ကြာနေ၍ ထိုင်းနိုင်ငံမှ တင်သွင်းသည့် အစားအစာ၊ အလှကုန်၊ ကုန်ခြောက်နှင့် လူသုံးကုန်ပစ္စည်းအချို့ ကုန်ဈေးနှုန်း အနည်းငယ်မြင့် တက်နေပြီး မြ၀တီဘက်မှ မှာယူရောင်းချသည့် ဆန်နှင့် ကုန်ခြောက် ပစ္စည်းအချို့လည်း စျေးနှုန်းမြင့် တက်နေကြောင်း သိရသည်။

“စျေးကတော့ နည်းနည်းတက်တာပေါ့။ ဥပမာ- အရင် မြန်မာက ဝင်တဲ့ ဆန်ချော (ပေါ်ဆန်းမွှေး) ဆန်ကီလိုအသေးအိတ် အချောတစ်အိတ်ကို ထိုင်းငွေဘက် ၄၅၀ နဲ့ရောင်းတာ။ အခု ၅၅၀ ဘတ်နဲ့ရောင်းနေရတာပေါ့။ လက်ကျန်လှောင်ထားတဲ့ ဆန်က မရှိတော့ ထပ်မှာတဲ့အခါ ဈေးနှုန်းကမြင့်လာတော့ ဒီဘက်မှာ ရောင်းဈေးလည်း နည်းနည်းတော့ တက်လာတယ်” ဟု ထိုင်းနိုင်ငံ မဲဆောက်တွင် စျေးရောင်းနေသည့် ကုန်စုံဆိုင်ရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပုံစာ-မြ၀တီ-ကော့ကရိတ်လမ်းပိုင်းကိုတွေ့ရစဉ်
#မြဝတီကော့ကရိတ်လမ်းပိုင်း #တိုက်ပွဲ #ကုန်စည်စီးဆင်းမှုကျန့်ကြာ #စျေးနှုန်းအနည်းငယ်မြင့် #Ayeyarwaddy_Times