ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

ရှမ်းမြောက်၊ ကုန်းကြမ်းတပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ- ၁၆) မှ တပ်ဖွဲ့၀င်အချို့ကို ကိုးကန့်တပ်မတော် (MNDAA) က လိုက်လံရှင်းလင်းလျက်ရှိရာ ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့တွင် ခုနစ် ဦးဖမ်းဆီးရမိခဲ့ပြီး တပ်ခွဲမှူးတစ်ဦး သေဆုံးခဲ့ကြောင်း MNDAA ကထုတ်ပြန်ထားသည်။

ယမန်နေ့ ည ၁၁ နာရီခန့်တွင် ရှီးရှမ်းဒေသ ကုန်းကြမ်းတပ်စခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့၀င်များအနက်မှ ရှစ် ဦးကို ဖမ်းဆီးရာတွင် တပ်ခွဲမှူးသေဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့၀င် ခုနစ် ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသည့် စစ်ကောင်စီတပ်သားများ၏ ပြောပြချက်အရ ၎င်းတို့သည် စကခ-၁၂ လက်အောက်ခံ ခမရ-၅၄၅ တပ်ရင်းမှ နှစ်ဦး၊ ခမရ-၅၄၇ မှ နှစ်ဦးနှင့် ပြည်သူ့စစ်အဖွဲ့၀င် လေးဦးတို့ဖြစ်ပြီး သေဆုံးသွားသည့် တပ်ခွဲမှူးမှာ တာရွှေထန် အမြောက်တပ်ရင်းမှ ကုန်းကြမ်း စခန်းသို့ပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။

အလားတူ ကုန်းကြမ်းမှ နို၀င်ဘာ ၂၇ ရက်နေ့တွင် ထွက်ပြေးသွားခဲ့သည့် စကခ-၁၆ မှူးအပါအ၀င် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို MNDAA မှ၀န်းရံပိတ်ဆို့၍ လိုက်လံတိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၁ ရက်နေ့တွင် ၁၀၀ နီးပါးကို ချေမှုန်းပစ်ခတ် နိုင်ခဲ့ကြောင်း MNDAA ထံက သိရသည်။

ပြီးခဲ့သည့် နို၀င်ဘာ ၂၈ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို MNDAA မှ တိုက်ခိုက်သိမ်းပိုက်ရာတွင် ယင်းနေရာတွင် တပ်စွဲနေသည့် တပ်ရင်း ခလရ-၁၂၅ တပ်ရင်း တစ်ခုလုံး လက်နက်ချခဲ့သည်။

ဓာတ်ပုံ-The Kokang
#ရှမ်းမြောက် #ကုန်းကြမ်း #MNDAA #စစ်‌ကောင်စီ #စကခ၁၆တပ်ခွဲမှူးသေဆုံး #Ayeyarwaddy_Times