ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ရက်

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီထံအလင်းဝင်ခဲ့သူများကို ပြည်သူ့စစ်(ပျူစောထီး)အဖြစ် ပြန်လည်အသုံးပြုရန်အတွက် စစ်ကောင်စီတပ်ရင်းများမှ စည်းရုံးရေးဆင်းပြီး နှစ်ပတ်ကြာစစ်သင်တန်း ပေးနေကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံကသိရသည်။

ဧရာဝတီတိုင်းအတွင်း တိုင်းစစ်ကောင်စီထံ အလင်းဝင်ရောက်ခဲ့သူ ( ၁၁၉ )ဦးကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ညွှန်ကြားလာသဖြင့် စစ်ကောင်စီတပ်ရင်းများမှ စည်းရုံး၍ ပုသိမ်မြို့အခြေစိုက်ခလရ ၃၈အတွင်း နှစ်ပတ်ကြာစစ်သင်တန်းပေးနေကြောင်း သိရသည်။

“ အလင်းဝင်ခဲ့တဲ့သူတွေကို နတခ ညွှန်ကြားချက်နဲ့ ခလရ-၃၈ ထဲမှာ လျို့ဝှက်စစ်သင်တန်းပေးနေတယ်။ ပြည်သူ့စစ်ပုံစံဖွဲ့ဖို့တော့သိထားတယ်။ သင်တန်းကနှစ်ပတ်ပဲကြာမယ်” ဟုခလရ-၃၈နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်ရင်းများမှ စည်းရုံးလုပ်ဆောင်ရာတွင် အလင်းဝင်ရောက်ခဲ့သူ၏နေရပ်လိပ်စာ၊အမည်နှင့်် သန်းခေါင်းစာရင်းများဖြင့် လိုက်လံစုံစမ်းခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတက်ရောက်နေစဉ်အတွင်း မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်ခံထားရကြောင်း အလင်းဝင်ရောက်ခဲ့သူတစ်ဦး၏ မိသားစုဝင်များထံကသိရသည်။

စစ်သင်တန်းပြီးဆုံးသွားပါက ဒေသခံများကိုပါ ပြည်သူ့စစ်ထဲဝင်ရောက်စေရန် ထပ်ဆင့်စည်းရုံးခိုင်းမှုများ ရှိနေပြီး တော်လှန်ရေးအဖွဲ့များ၏ မြို့သိမ်းတိုက်ပွဲများ ဖြစ်ပေါ်ခဲ့လျှင် စစ်ကောင်စီတပ်ဘက်က ပြန်လည်တိုက်ခိုက်ရန် ညွှန်ကြားထားကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

#ဧရာဝတီတိုင်း #စစ်ကောင်စီထံအလင်းဝင်သူများ #ပြည်သူ့စစ် #ပျူစောထီး #ခလရ၃၈
#Ayeyarwaddy_Times