ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ တွင် တော်လှန်ရေးအင်အားစုများကို ထောက်ခံကြောင်း လူမှုကွန်ရက် စာမျက်နှာပေါ်တင်ခဲ့သည့် ဈေးသည်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကာ အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်စစ်ဆေူနေကြောင်း ဖမ်းဆီးခံရသူနှင့်နီးစပ်သူများထံက သိရသည်။

ဟင်္သာတမြို့ တာကလေးရပ်ကွက် ၊နတ်မော်လမ်းမ ၊ ဦးအောင်မြတ်ကျော်ဘုရားရှေ့တွင် ငါးကင်ရောင်းချနေသည့်အသက် ၃၀နှစ်ခန့် အမျိုးသမီးတစ်ဦးကို တော်လှန်ရေးအဖွဲ့များအား ထောက်ခံကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် တင်ခဲ့သည်ဟု အကြောင်းပြ၍ ပြီးခဲ့သည့်ဒီဇင်ဘာ၁ရက်နေ့ ညနေ ၆နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

“facebook မှာ PDFတွေကို ထောက်ခံတဲ့ပို့စ်တင်ထားတယ်ဆိုပြီးတော့ ရဲတွေနဲ့ စစ်သားတွေ လာဖမ်းသွားတယ်။ ရဲစခန်းကိုခေါ်သွားတာ။ ဘယ်သူနဲ့မှတွေ့ခွင့်မရဘူး” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဖမ်းဆီးခံထားရသည့် အမျိုးသမီးကို ဟင်္သာတမြို့နယ် ရဲစခန်း၌ထိန်းသိမ်းကာ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“PDFတွေကိုထောက်ခံတဲ့ပို့စ်တင်တာ ထောက်လှမ်းမိတာနဲ့ဖမ်းလိုက်တာ။အကြမ်းဖက်ပုဒ်မ၅၀ (က)နဲ့အမှုဖွင့်ထားတယ်။လူမှုကွန်ယက်စာမျက်နှာတွေမှာပို့စ်တွေကို လိုက်စောင့်ကြည့်နေတာ။ ပို့စ်တချက်မှားတင်တာနဲ့ကို လာဖမ်းနိုင်ခြေရှိနေတာမို့သတိထားဖို့လိုမယ်”ဟု ဟင်္သာတမြို့နယ်ရဲစခန်းနှင့်နီးစပ်သည့် ရဲသတင်းရင်းမြစ်ကဆိုသည်။

ဟင်္သာတမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ၊အောက်တိုဘာလနှင့်နိုဝင်ဘာလအတွင်း၌ တော်လှန်ရေးအဖွဲ့များကို ထောက်ခံကြောင်း လူမှုကွန်ရက်စာမျက်နှာသို့ တင်ခဲ့သည့်မြို့ခံ ၂၀ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးကာ အကြမ်းဖက်ဥပဒေပုဒ်မ၅၀(က) ဖြင့် တရားစွဲဆိုမှုများ ရှိသလို ငွေကျပ် ၁၀သိန်းထက်မနည်း တောင်းခံပြီး ပြန်လွှတ်ပေးသည့် ဖြစ်စဉ်များလည်း ရှိကြောင်း သိရသည်။

#ဧရာဝတီတိုင်း #ဟင်္သာတမြို့ တာကလေးရပ်ကွက် #ဦးအောင်မြတ်ကျော်ဘုရားရှေ့ #အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ #ပုဒ်မ၅၀က
#Ayeyarwaddy_Times