ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

နိုင်ငံခြားငွေရရှိမှု နည်းပါးနေကာ အသုံးစရိတ်လိုအပ်သောစစ်ကောင်စီက အများ ပြည်သူများထံမှ အခွန်ရရှိရေးအတွက် နယ်ပယ်အလိုက် အခွန်တိုးချဲ့ ကောက်မည် ဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီ၏ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွန်ငွေများကိုမူတည် အသုံးပြုရခြင်းဖြစ်၍ အခွန်အခများရရှိရေးလိုအပ်ပြီး ယခင်အခွန်နှုန်းထားများအတိုင်း ကောက်ယူရနိုင်မည့် နယ်ပယ်အလိုက် မကျန်ရှိစေရန် အခွန်ကောက်ခံရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

“ ပြီးခဲ့တဲ့ကာလက တိုင်းနဲ့ပြည်နယ်တွေမှာ အခွန်ရရှိမှုတိုးတက်လာတယ်။ အခွန်အခ များကောက်ယူရာမှာ အခွန်တိုးမြှင့်တာ(Tax Rate) မလုပ်ဘဲ အရင်ရှိပြီး အခွန်နှုန်းထားတွေအတိုင်း ရသင့်ရထိုက်တဲ့နယ်ပယ်အလိုက် မကျန်ရှိအောင်ကောက်ခံခြင်း Tax Space ကို တိုးချဲ့လုပ်ဖို့ ကြပ်မတ်မယ်” ဟု စစ်ခေါင်းဆောင်က ပြောကြားသည်။

လက်ရှိတွင် ကုန်စည်ရောင်းချခြင်းနှင့်ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်သော စားသောက်ဆိုင်များအပါအဝင် ဈေးဝယ်စင်တာများနှင့် လူသုံးကုန်ပစ္စည်း အရောင်း ဆိုင်များက စားသုံးသူများထံမှ ကုန်သွယ်လုပ်ငန်းခွန် ( Commercial Tax) ၅ ရာခိုင်နှုန်းကို တင်းကျပ်စွာကောက်ယူနေပြီဖြစ်ကြောင်း စားသုံးသူများထံက သိရသည်။

“ ဆိုင်တိုင်းကကောက်နေပြီဆိုတော့ မပေးချင်လည်းပေးနေရတာပဲ။ တချို့ဟာတွေက ရှောင်လို့ မလွယ်တော့ဆောင်နေရတာပဲ။ ဘာမှ မဝယ်စားမသုံးရင်တော့တစ်မျိုးပေါ့။ အရင်ကဆို မဆောင်ချင်ရင် ဘောက်ချာမပေးတာတွေလုပ်သေးတယ်။ အခုကတော့ ဘာမှမမေးတော့ဘူး ကောက်စရာရှိတာ ကောက်နေကြတာ။ ဆိုင်တွေလည်း ရှောင်လွဲလို့မရတော့ဘူးနေမှာ။ အခြေခံလူတန်းစားတွေလည်း ဒါတော့ရှောင် နိုင်မယ်မထင်ဘူး ” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လာမည့်ဘဏ္ဍာနှစ် ၂၀၂၃ – ၂၀၂၄ ခုနှစ်တွင် ကုန်သွယ်လုပ်ငန်းခွန်မှ ယခုကောက်ခံရ ရသည့်ထက် တစ်ဆကျော်ရရှိရန်ခန့်မှန်ထားပြီး ယခုဘဏ္ဍာနှစ် ၂၀၂၂ – ၂၀၂၃ တွင် ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ်သန်းပေါင်း ၁,၇၈၇,၆၈၆ ဒသမ ၃၇၉ နှင့် အထူးကုန်စည်ခွန်မှ ကျပ်သန်းပေါင်း ၁,၅၁၁,၅၈၄ ဒသမ ၁၆၈ ရရှိနေကြောင်း Citizen Budget အစီရင်ခံစာအရသိရသည်။

စစ်ကောင်စီက အခွန်ကောက်ယူရန် တင်းကျပ်ထားသည့်လုပ်ငန်းများတွင် စားသောက်ဆိုင်အလုပ်ငန်း၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်း၊ ရုပ်သံလွှင့်မီဒီယာ လုပ်ငန်း၊ ရွှေထည်လက်ဝတ်ရတနာရောင်းချသည့်လုပ်ငန်း၊ လက်ကိုင်ဖုန်း နှင့် ဆက်စပ် ပစ္စည်းများရောင်းချခြင်းအပါအဝင် ဝန်ဆောင်မှုဆောင်ရွက်သည့် လုပ်ငန်းများပါဝင် ကြောင်း စစ်ကောင်စီ၏ ပြည်တွင်းအခွန်များဦးစီးဌာနက ထံက သိရသည်။

ဓာတ်ပုံ – ဧရာ၀တီတိုင်းမ်

#စစ်ကောင်စီ #အခွန်တိုးကောက် #ကုန်သွယ်လုပ်ငန်းခွန် #govtax5#Ayeyarwaddy_Times