
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဒီဇင်ဘာ ၅ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် ပြည်သူများအနေဖြင့် စားနပ်ရိက္ခာများကြိုတင်စုဆောင်းကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
မင်းတပ်မြို့ပေါ်ရှိ ဒေသခံပြည်သူများအနေဖြင့် မြို့တွင်းတိုက်ပွဲများဆက်လက်ပြင်းထန်လာပါက စစ်ရှောင်နိုင်ရေးအတွက် ထွက်ပေါက်ရှာဖွေကြရန်၊ စားနပ်ရိက္ခာအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၏ သတင်းထုတ်ပြန်ချက်၊ သတိပေးနှိုးဆော်ချက်များကို အမြဲနားစွင့်လိုက်နာပူးပေါင်းကြရန်လည်း မေတ္တာရပ်ခံထားသည်။
“ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေနဲ့ မကွေးတိုင်းအတွင်းမှာ မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆင်ရေးတိုက်ပွဲတွေ ဆင်နွှဲနေတာရှိတယ်။ ထိခိုက်ကျဆုံးမှုတွေလည်း ရှိကြောင်းစိတ်မကောင်းစွာ ကြားရတယ်။ သတင်းထုတ်ပြန်လို့ရတာနဲ့ ထုတ်ပြန်ပေးသွားမှာပါခင်ဗျ”လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှ ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
မိဘပြည်သူများမြင်ချင်နေသည့် တိုက်ပွဲများဆင်နွှဲလျက်ရှိနေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) အတွက် အထူးဆုတောင်းပေးကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနက ပြည်သူများထံ ပန်ကြားထားသည်။
မင်းတပ်မြို့တွင် တိုက်ပွဲပြင်းထန်မှုနှင့်ပတ်သက်၍ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်ဟု သတင်းပြန့်နှံ့မှုအပေါ် မှတ်ချက်မပေးလိုကြောင်းနှင့် ပြောဖို့စောသေးကြောင်း ဆလိုင်းမင်းတပ်က က တုံ့ပြန်ပြောဆိုသည်။
ဓာတ်ပုံ-CDF-မင်းတပ်(ပုံဟောင်း)
#မင်းတပ် # ဆလိုင်းမင်းတပ် #ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) #မကွေးတိုင်း #ပြည်သူ
#စားနပ်ရိက္ခာ #ကြိုတင်စုဆောင်းရန် #အသိပေး
#Ayeyarwaddy_Times