
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်
ပြည်တွင်းစက်သုံးဆီဈေး ရုတ်တရက်မြင့်တက်ပြီးနောက် ၅ ရက် အကြာတွင် ရန်ကုန်မြို့၌ စက်သုံးဆီပြတ်လပ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး လက်လီရောင်းချသည့် ဆီဆိုင်များက ဆီအရောင်းရပ်ထားမည်ဖြစ်ကြောင်း ကြေညာသည်။
ခရိုနီ ဦးဇော်ဇော်ပိုင်ဆိုင်သော Max Energy စက်သုံးဆီဆိုင်ရှေ့တွင် သီလဝါ ဆိပ်ကမ်းတွင် စက်သုံးဆီသွား ရောက်ထုတ်ယူနေကြောင်း၊ ဆိုင်သို့ဆီမရောင်ခ င်အထိ စက်သုံးဆီ အောက်တိန်း ၉၂၊ အောက်တိန်း ၉၅ ၊ ပရီမီယံဒီဇယ် နှင့် ရိုးရိုးဒီဇယ်ရောင်းချမှုရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။
“ မနက်က တစ်နာရီလောက်တန်းစီးလိုက်တာ အောက်တိန်း ၉၅ ငါးသောင်းဖိုးရတယ်။ အခုတော့ဆီဆိုင် တော်တော်များပြတ်နေပြီကြားတယ်။ အရင်လကဆီပြတ်သေးတော့ ဇော်မင်းထွန်းကဆီအလုံအလောက်ရှိတယ် ပြောတယ်။ အခုတော့ဆီပြတ်နေတာပဲ။ တစ်လတောင်မပြည့်သေးဘူး” ဟု ကိုယ်ပိုင်ယာဉ်မောင်း အမျိုးသမီးတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့အတွင်းရှိ လက်လီရောင်းချသည့် စက်သုံးဆီအရောင်းဆိုင်များတွင် ဆီလုံးဝပြတ်လပ်နေပြီး စက်သုံးအရောင်းဆိုင်များရှေ့တွင် ဘတ်စ်ကားသုံးမှတ်တိုင် ကျော်အထိ ဆီစောင့်ထည့်နေသည့် ကားတန်း အရှည်ကြီးဖြစ်နေကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။
“ကားတန်းက ဘတ်စ်ကား သုံးလေးမှတ်တိုင်လောက်ကိုသွားနေတာ။ ဒါတောင် ဆီမရှိဘူးနော်၊ ဆီလာတဲ့ အချိန်ရမယ်ဆိုပြီး ပေကပ်စောင့်နေကြတာ။ ဒီဇယ်၊ ဓာတ်ဆီ ကော ဘာမှမရှိတော့ဘူး။ သာကေတ ၁၀၈ တောင်နားက မက်စ် ၊ တောင်ဥက္ကလာ ဆိုလည်း သံသုမာလောက်ကနေ တန်းစီနေတာ။ ဒါက တကယ် ဆီရနိုင်တဲ့ နေရာတွေ နော်။ ခါတိုင်းက ဓာတ်ဆီပဲ ပြတ်တာ ၊ အခု ဒီဇယ်ပါပြတ်သွားတာ” ဟု ရန်ကုန်မြို့တွင် အလုပ်လုပ်၍ လှိုသာယာသို့ ပြန်နေသူ တစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
ယခုတစ်ကြိမ်ဆီပြတ်လပ်မှုတွင် ဓာတ်ဆီ အပြင် ဒီဇယ်ပါ ပြတ်လပ်နေပြီး နိုဝင်ဘာလဆန်းပိုင်းက စက်သုံးဆီပြတ်လပ်ရာတွင် အောက်တိန်း ၉၂ နှင့် အောက်တိန်း ၉၅ နှစ်မျိုးသာဖြစ်ကြောင်း သိရသည်။
” ဆီက အခုရ၊ မရမသိဘူး။ တန်းစီနေကြတာ။ အခုညနေ ၆ နာရီ ၇နာရီလောက် ဆီကားရောက်ချင်ရောက်မယ်ပြောတယ်။ လျှောက်ထည့်နေရင်လည်း မရမှာစိုးလို့ ထိုင်စောင့်နေရတယ်” စက်သုံးဆီတန်းစီနေသူတစ်ဦးက ဆိုသည်။
ဒီဇင်ဘာ ၁ ရက်နေ့မှ ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့အထိ စက်သုံးဆီ အောက်တိန်း ၉၂ တစ်လီတာ ၂၅၁၀ ကျပ်၊ ၉၅ တစ်လီတာ ၂၆၄၀ ကျပ်၊ ပရီမီယံဒီဇယ် ၂၃၁၀ ကျပ် နှင့် ဒီဇယ် ၂၃၀၅ ကျပ် ဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ -ဧရာ၀တီတိုင်းမ် ၊ လူမှုကွန်ရက်
#ရန်ကုန်မြို့အတွင်း #စက်သုံးဆီပြတ်လပ်မှုထပ်မံဖြစ်ပွား #ဓာတ်ဆီနှင့်ဒီဇယ် #Ayeyarwaddy_Times