ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာ ၅ ရက်

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ အတွက် M4 နှစ်လက် ဝယ်ယူနိုင်ရေး သိန်းပေါင်း ၄၀၀ ပရောဂျက်အစီအစဉ်ကို Future Hope Foundation မှ ဦးဆောင်၍ ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့မှ ကံစမ်းမဲလက်မှတ်များကို စတင်ရောင်းချ လျှက်ရှိရာ လက်ရှိတွင် ၇၀ ရာခိုင်နှုန်းရောင်းချနိုင်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါကံစမ်းမဲဖောက်ပွဲကို ဒီဇင်ဘာလ ၈ ရက်နေ့တွင် အွန်လိုင်းစာမျက်နှာပေါ်မှ တိုက်ရိုက်ထုတ်လွှင့်ရန် စီစဉ်ဆောင်ရွက်ထားသော်လည်း M-4 နှစ်လက်ဝယ်ယူနိုင်ရန် ငွေကြေး လုံလောက်မှုမရှိသေးသည့်အတွက် ကံစမ်းမဲဖွင့်ရက်ကို ပြန်လည်ရွှေ့ဆိုင်းခြင်း ဖြစ်ကြောင်း Future Hope Foundationထံက သိရသည်။

“ကံစမ်းမဲ လက်မှတ်တွေကို ၉၀ ရာခိုင်နှုန်းရောင်းနိုင်မှပဲ ယခုပရောဂျက်က အောင်မြင်မှာဖြစ်တဲ့အတွက် ကံစမ်းမဲဖောက်မယ့် ရက်ကို ပြန်လည်ရွှေ့ဆိုင်း ရခြင်းဖြစ်ပါတယ်။ ဒီအတွက် လက်မှတ်ကို ဝယ်ယူအားပေးကြတဲ့ မိဘပြည်သူ တွေကိုလည်း အထူးတောင်းပန်ကြောင်းပြောချင်ပါတယ်။ ပြီးတော့ လက်မှတ်ဝယ်ယူ အားပေးကြတဲ့ မိဘပြည်သူတွေကိုလည်း အထူးကျေးဇူးတင်ရှိတယ်။ ကျန်ရှိနေသေးတဲ့ လက်မှတ်တွေကိုလည်း ထပ်မံအားပေးဝယ်ယူပေးကြဖို့ ထပ်မံဖိတ်ခေါ်အပ်ပါတယ်”ဟု Future Hope Foundation တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်ရင်း-၂ သည် စစ်ရေးအရအလွန်အရေးပါသည့် ဟားခါး-မတူပီလမ်းရှိ မတူပီခရိုင် ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ၄ ဖာလုံခန့်သာကွာဝေးသည့် နေရာတွင် တပ်စခန်းချထားပြီး စစ်ကောင်စီတပ်နှင့် မကြာခဏတိုက်ပွဲဖြစ်ပွားနေသော တပ်ရင်း တစ်ခုဖြစ်သည်။

ချင်းကာကွယ် ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ သည် ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့သိမ်းတိုက်ပွဲတို့တွင် ချင်းအမျိုးသားတပ်မတော်၊ ချင်းကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့နှင့်အတူလက်တွဲ၍ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ကြောင်း သိရသည်။

ပုံစာ-ရေဇွာမြို့သိမ်းတိုက်ပွဲမှ CDF-မတူပီ၊ တပ်ရင်း-၂ ရဲဘော်များ။
#CDFမတူပီ #တပ်ရင်း၂ #M4နှစ်လက်ဝယ်ယူနိုင်ရေး #၇၀ရာခိုင်နှုန်းရရှိ #ကံစမ်းမဲဖောက်မည့်ရက်ပြန်ရွှေ့ဆိုင်း #Ayeyarwaddy_Times