ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

လက်နက်ကိုင်များအနေဖြင့် မြေစာပင်ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာရန်နှင့် ဆက်လက်၍ မမိုက်မဲကြဘဲ နိုင်ငံရေးအရ ဖြေရှင်းရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

စစ်ကောင်တပ်သည် နေရာအနှံ့တွင် စစ်ရှုံးနေ၍ လက်နက်ချခြင်းများရှိလာနေပြီးနောက် စစ်ခေါင်းဆောင်က နိုင်ငံရေးအရ ဖြေရှင်းရန်လိုအပ်ပြီး စစ်တပ်အနေဖြင့် ဒို့တာ၀န် အရေးသုံးပါးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်လွှတ်မည် မဟုတ်ဘူးဟု ပြောကြားခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် ရက္ခိုင့်တပ်တော် (AA) နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့သည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေပြီး ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်ကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများသာ ခံစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်သည် တပ်မတော်အစိုးရလက်ထက်မှ ယခုတိုင်အောင် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်မှုများကြောင့် များစွာပြောင်းလဲလာခြင်းဖြစ်ပြီး AA မှ နယ်မြေမတည်မငြိမ်ဖြစ်စေရန် လုပ်ဆောင်နေသည်ဟု စစ်ခေါင်းဆောင်က ဆိုထားသည်။

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒေသအကျိုး၊ တိုင်းပြည်အကျိုးကိုကြည့်၍ ဆောင်ရွက် ကြရန်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တွင် ၎င်းတို့ တောင်းဆိုနေသည့် အချက်များ အားလုံးပါ၀င်ပြီးဖြစ်၍ လက်နက်ကိုင်တပ်ဖွဲ့များကြောင့် ပြည်သူများသာလျှင် မြေစာပင်ဖြစ်နေရပြီး တိုင်းပြည်စီး ပွားရေးထိခိုက်နေရကြောင်း စစ်ခေါင်းဆောင်က စွပ်စွဲထားသည်။

ပုံစာ- စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

#နေရာအနှံ့စစ်ရှုံး #စစ်ခေါင်းဆောင် #ပြည်သူကိုကိုယ်ချင်းစာရန် #နိုင်ငံရေးနည်းလမ်း #ဖြေရှင်းရန် #Ayeyarwaddy_Times