နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင် အာရှကားလမ်းမပိုင်းကို ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်၍ ထိန်းချုပ်ထားပြီ ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ထံကသိရသည်။

အဆိုပါ ကားလမ်းမပိုင်းရှိ လုံခြုံရေးနှင့် နယ်မြေလုံခြုံရေးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များနှင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

“ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်း တလျှောက်ကိုတော့ ထိန်းချုပ်ထားပြီ။ နယ်မြေ ရှင်းလင်းရေးနဲ့ နယ်မြေလုံခြုံရေးတွေကိုပါ စတင်လုပ်ဆောင်နေပါပြီ။ စစ်ကောင်စီတပ်၊ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပစ္စည်းသယ်ယူတာတွေကိုစစ်ဆေးမှုတွေ ပြုလုပ်နေပါပြီ” ဟု မြေပြင်လုံခြုံရေးယူပေးနေသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ကော့ကရိတ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့က စတင်၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး ရန်ကုန်-မော်လမြိုင် ကားလမ်း အနီးတွင်လည်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်ထံက သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့ ဒေါက်ရပ်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို KNU/KNLA ၊ PDF ပူးပေါင်း တပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-တော်လှန်ရေးတပ်ဖွဲ့များပေးပို့
ပုံစာ- ရန်ကုန်-မော်လမြိုင် အာရှကားလမ်းမပိုင်း
#ရန်ကုန်မော်လမြိုင် #အာရှကားလမ်းမ #KNLA #PDF #တော်လှန်ရေးတပ်ဖွဲ့များ #ထိန်းချုပ် #Ayeyarwaddy_Times