ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တရွန်အိုင် ဗျူဟာကုန်း နှင့် နှူံးဘူး ဗျူဟာကုန်းတို့ကို Maraland Defence Force (MDF) နှင့် ရက္ခိုင့်တပ်တော်(AA)တို့က ၇၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီဟု MDF အဖွဲ့ထံက သိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နေ့မှစ၍ စစ်ကောင်စီ၏ တရွန်အိုင် ဗျူဟာကုန်း နှင့် နှူံးဘူး ဗျူဟာကုန်းတို့ကို ရက္ခိုင့်တပ်တော်(AA) နှင့် MDF ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရက်ပေါင်း ၂၀ ကျော်ကြာ ကာလအတွင်း စစ်ကောင်စီ၏ အဆိုပါ ဗျူဟာကုန်း နှစ်ခုအား ၇၀ ရာခိုင်းနှုန်းထိ ထိန်းချုပ်ထားနိုင်ပြီး တိုက်ပွဲအတွင်း စစ်ရေးအထိနာသည့် စစ်ကောင်စီသည် ဓာတုဓာတ်ငွေ့ပါသည့် ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

” ပလက်ဝက စစ်ကောင်စီရဲ့ တရွန်အိုင်ဗျူဟာကုန်းကို နိုဝင်ဘာ ၁၄ ရက်နေ့ကစပြီး ကျွန်တော်တို့ MDF တပ်ဖွဲ့နဲ့ AA တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့မှာ ၂၁ ရက်မြောက်နေ့ ရောက်ရှိလာပြီ။ တရွန်အိုင်မှာ စစ်ကောင်စီရဲ့ စခန်းကုန်း ငါးခုလောက် ရှိပါတယ်။ သုံးခုလောက်ကို ကျွန်တော်တို့ဘက်က သိမ်းပိုက်ရရှိထားပါပြီ။ စစ်ရေးအထိနာများတဲ့ စစ်ကောင်စီက ဒီဇင်ဘာ ၃ ရက်နေ့မှာ ဓာတုဓာတ်ငွေ့ပါတဲ့ ဗုံးတွေနဲ့ လေယာဥ်ကနေ တိုက်ခိုက်ခဲ့ပါတယ်။” ဟု MDF ကာကွယ်ရေး အတွင်းရေးမှူး ဓူဝံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ နှူံးဘူးကျေးရွာ အနောက်ဘက်ရှိ စခန်းကုန်းကိုလည်း ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး ကျေးရွာ၏ အရှေ့ဘက် စခန်းကုန်းအား သိမ်းပိုက်ရရှိရေးအတွက် တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများထံက သိရသည်။

” ရွာအနောက်က စခန်းကုန်းမှာ စစ်သားတွေ မရှိတော့ဘူး။ အရှေ့ဘက် စခန်းကုန်းမှာ ရွှေ့ပြောင်းနေပြီ။ တိုက်ပွဲတွေက ဖြစ်နေတုန်းပါ။ ကျေးရွာနေ ဒေသခံတွေကို အသွားလာကန့်သတ်ထားတယ်” ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ဒီဇင်ဘာ ၃ ရက်နေ့ တစ်ရက်တည်းတွင် Mi35 ၊ Y 8 ၊ Y 12 တို့ဖြင့် လေကြောင်းပစ်ကူ အကြိမ်အရေအတွက် ၃၀ ကျော်အထိ ရှိခဲ့ပြီး (chemical Warfare Agents) ဓာတုဓာတ်ငွေ့ပါသည့် ဗုံးများကိုလည်း အသုံးပြုကာ ဂျက်တိုက်လေယာဥ်တစ်စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဒီဇင်ဘာ ၄ ရက်နေ့တွင် AA က သတင်းထုတ်ပြန်ထားသည်။

ပုံ-AA Info Desk

#ပလက်ဝ #စစ်ကောင်စီ #တရွန်အိုင်ဗျူဟာကုန်း #နှူံးဘူးဗျူဟာကုန်း #Maraland Defence Force(MDF) #ရက္ခိုင့်တပ်တော် #၇၀ရာခိုင်နှုန်း ထိန်းချုပ် #Ayeyarwaddy_Times