ဇွဲနိုင်/(ဧရာဝတီတိုင်းမ်)
(ရေဖြူ) ၊ ဒီဇင်ဘာ ၅ ရက်

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ထုံခါရွာအနီးရှိ ဆင်ဖြူရှင်(၄) ရဲဘက်စခန်းကို တောင်ပိုင်း ညီနောင်စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကော်သူးလေတပ်မတော်-KTLA ( tcjf) ထံက သိရသည်။

ထုံခါရွာရှိ ဆင်ဖြူရှင် (၄) အကျဥ်းစခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် တောင်ပိုင်းညီနောင်စစ်ကြောင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“အဲဒီအကျဥ်း စခန်းမှာက ဘယ်သူမှရှိကြတော့ဘူး။ ဘာမှမရှိတော့ဘူး ဆိုပေမယ့် စစ်ကောင်စီတပ်တွေ အချိန်မရွေး တပ်လာစွဲနိုင်တယ်လေ။ အဲဒီစခန်းမှာက အရင်ကလည်း တပ်စွဲ နေထိုင်ပြီး ကင်းပုန်းဝပ်တာတွေရှိတယ်။ ဒါကြောင့် မီးရှို့ဖျက်ဆီးလိုက်တာပါ”ဟု KTLA – tcjf မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မီးရှို့ဖျက်ဆီးခဲ့သည့် အဆိုပါ အကျဥ်းစခန်းမှ အကျဥ်းသားများနှင့် ဝန်ထမ်းများသည် ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံးပတ်ကတည်းက မြိတ်မြို့နယ် ၊ ကျောက်ဖြူတောင် ရဲဘက် စခန်းကို ပြောင်းရွှေ့သွားကြောင်းသိရသည်။

စစ်ကောင်စီ၏ ထုံခါရဲဘက်စခန်းအား တောင်ပိုင်းညီနောင်စစ်ကြောင်းက ဝင်ရောက်မီးရှို့ ဖျက်ဆီးရာတွင် ဘိလပ်မြေ၊ အုတ်တို့ဖြင့် ဆောက်ထားသည့် အဆောက်အအုံ သုံးခု မှလွဲ၍ ကျန်သည့်အဆောက်အအုံ အားလုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးမှုကို KTLA – tcjf ၊ ခွပ်ဒေါင်းတမန်အထူး စစ်ကြောင်း နှင့် People Liberation Army (PLA) တို့ မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နှစ်ဘက် အပြန်အလှန်ပစ်ခတ် မှုမျိုးမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ကြောင်းသိရသည်။

မဟာမိတ်ညီနောင်တပ်ဖွဲ့များဖြစ်သည့် ကော်သူးလေတပ်မတော်-KTLA(tcjf) ၊ ခွပ်ဒေါင်း တမန်အထူးစစ်ကြောင်း၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLA) သုံးဖွဲ့ စုပေါင်း၍ တောင်ပိုင်းညီနောင်များစစ်ကြောင်း (SBA) ကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- KTLA(tcjf)
ပုံစာ- ထုံခါရဲဘက် အကျဥ်းစခန်းကိုမီးရှို့ခဲ့တဲ့မြင်ကွင်း
#တနင်္သာရီ #ထုံခါရဲဘက်အကျဥ်းစခန်း #တောင်ပိုင်းညီနောင်၃ဖွဲ့ #မီးရှို့ဖျက်ဆီး #Ayeyarwaddy_Times