
ဧရာဝတီတိုင်းမ်
(မုန်း)၊ ဒီဇင်ဘာ ၅ ရက်
ပဲခူးတိုင်း၊ မုန်းမြို့နယ်၊ မုန်းမြို့သိမ်းတိုက်ပွဲတွင် တပ်ကူလာသည့် ဆွာမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-၈၄ တပ်ရင်းမှ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူးအပါဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြားလက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။
မုန်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရှုံးနိမ့်နေသည့်အတွက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် လေယာဉ်ဖြင့် စစ်ကူရောက်လာသည့် စစ်ကောင်စီတပ် ခလရ-၈၄ တပ်ရင်းမှ ဗိုလ်မှူးအဆင့်ရှိ ဒုတပ်ရင်းမှူး ၊ ဗိုလ်ကြီးအဆင့်ရှိ တပ်ခွဲမှူး ၊ အခြားအဆင့်အရာရှိများနှင့် တပ်ဖွဲ့ဝင် အများအပြားလက်နက်ချအလင်းဝင်ခဲ့ခြင်းဖြစ်ပြီး အများစုမှ ခလရ-၈၄ တပ်ရင်းမှ ဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံကသိရသည်။
“အတိအကျ ပြောဖို့ စာရင်းဇယားနဲ့ အသေးစိတ်တော့ ကျွန်တော် ပြောရခက်ပါတယ်။ KNU တရား၀င် သတင်းထုတ်ပြန်ရေးအဖွဲ့ကသူတို့ထုတ်ပြန်သွားမှာပါ။ အသေးစိတ် အချက်အလက်က ကျွန်တော်တို့ပြောရခက်တာကြောင့်ပါ။ ဒါပေမယ့် သေချာတာ တခုကတော့ မုန်းမြို့သိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်က အရာရှိတွေ အများကြီး လက်နက်ချခဲ့တယ်ဆိုတာ တရား၀င်ထုတ်ပြန်ပြီးသားပါ” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့ညမှ စတင်ကာ မုန်းမြို့ပေါ်ရှိ ခမရ-၅၉၉ တပ်ရင်း၊ ခမရ-၅၉၀ တပ်ရင်း၊ မုန်းမြို့မရဲစခန်းနှင့် တံတားထိပ်ဂိတ်စခန်းတို့ကို ဝင်ေရာက်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲ့ကို တော်လှန်ရေးပူးပေါင်း အဖွဲ့က ကောင်းမွန်စွာစောင့်ရှောက်ထားပြီး မြို့သိမ်းတိုက်ပွဲ အခြေအနေ အသေးစိတ်ကိုမူ KNU မှ ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မုန်းမြို့ကို သိမ်းပိုက်နိုင်ပြီးနောက် တော်လှန်ရေးပူးပေါင်းအဖွဲ့ဝင်အင်အား ၁၅၀၀ ခန့်ဖြင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း KNU က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – MOD
#မုန်းမြို့သိမ်းတိုက်ပွဲ #လက်နက်ချအညံ့ခံ #KNLA #PDF #ခလရ၈၄ #ဒုတပ်ရင်းမှူး #တပ်ခွဲမှူး #Ayeyarwaddy_Times