
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်
စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲများမှ ပြည်သူရင်ခွင်သို့ ခိုလှုံလာသည့် CDM စစ်သား နှင့် ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့(EROs)များ တော်လှန်ရေးအင်အားစုများနှင့် အတူ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ရဲတပ်ဖွဲ့များမှ ရသည့်နည်းလမ်းဖြင့် ရုန်းထွက်၍ ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ပြည်သူ့ရင်ခွင်အဖွဲ့များသို့ ရောက်လာသူများသည် စစ်အာဏာရှင်ကို အပြီးသတ်ချေမှုန်းရန်အတွက် တော်လှန်ရေး တပ်ဖွဲ့များသို့ သွားရောက်တာဝန်ထမ်းဆောင်ရန် တောင်းဆိုမှုများရှိကြောင်း သိရသည်။
“အခု ပြည်သူဘက်ကို ခိုလုံလာတဲ့ စစ်သားလူငယ်တွေကတော့ စစ်ကောင်စီကို ပြန်တိုက် ချင်ကြတာပေါ့။ ပြည်သူဘက်က နေရပ်တည်ပြီး တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပြီ။ အခက်အခဲ ပေါင်းစုံကနေ သူတို့တွေ ပြည်သူ့ရင်ခွင်ခိုလှုံလာတာကလည်း ပြည်သူ့ဘက်ကနေ အသက်ပေးပြီး စစ်အာဏာ ရှင်ကို တိုက်ထုတ်ဖို့ပါ။ သူတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အတူတူ တိုက်ခွင့်ပေးပါလို့လည်း CDM ပြုလုပ်လာတဲ့ စစ်သားနဲ့ ရဲတွေက တောင်းဆိုကြတယ်” ဟု ပြည်သူ့ပန်းတိုင် စည်းရုံးရေးတာဝန်ခံ အမှတ် (၉၀၄)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ CDM တပ်ကြပ်ကြီး သိန်းကျော်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ၊ ပဲခူးတိုင်းနှင့် မန္တလေးတိုင်းများတွင် တိုင်းရင်းသားလက်နတ်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ(EROs) ၊ PDF တော်လှန်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
အဆိုပါ တိုက်ပွဲများအတွင်း ပြည်သူ့ ရင်ခွင်ခိုလှုံလာသည့် CDM စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကပါ တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်ကောင်စီတပ်ကို ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း ပြည်သူ့ပန်းတိုင် နှင့် ဒေသတွင်း သတင်းရင်း မြစ်များ ထံကသိရသည်။
“ဖုန်း၊ အင်တာနက်မရတဲ့ ဒေသတွေဆီ ရောက်နေသူတွေဆီကတော့ အဆက်အသွယ်မရဘူး။ လက်ရှိမှာ PDF တွေ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတာတော့ ၃၀၀ လောက်ရှိမယ်ဗျ။ အခုလက်တလော CDM ပြုလုပ်လာတဲ့ ရဲဘော်တွေလည်း အချို့ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ သွားရောက်တာ၀န်ထမ်းဆောင်ခွင့်ရလို့ သွားပြီ။ အချို့ကတော့ သွားရောက်ပူးပေါင်းပြီး တိုက်ဖို့အတွက် ခွင့်ပြုချက် စောင့်တုန်းပါ။ ကျွန်တော်ကိုယ်တိုင်လည်း ပြည်သူ့ရင်ခွင်ခိုလှုံလာတာ သုံး နှစ် နီးပါးရှိလာပြီ။ စစ်တပ်ထဲမှာလိုအနှောင်အဖွဲ့တွေနဲ့ မနေရဘူး။ ကိုယ့်သဘောအတိုင်း လွတ်လပ်စွာ နေထိုင်ခွင့်ရတယ်။ ပြည်သူတွေရဲ့ နွေးထွေးမှုကိုခံစားရတယ်။ စစ်ကောင်စီရဲ့လူတစ်စု ၊ အုပ်စုတစ်စုရဲ့ကောင်းစားရေးအတွက် အသက်တွေ အသေခံပြီးမနေကြဖို့နဲ့ ရတဲ့နည်းနဲ့ ပြည်သူ့ရင်ခွင်ကိုခိုလှုံစေချင်တယ်” ဟု ပြည်သူ့ပန်းတိုင် စည်းရုံးရေးတာဝန်ခံ၊ CDM စစ်သား နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အဆောင်မှူး CDM တပ်ကြပ်ကြီး သိန်းကျော်က ဆိုသည်။
ပုံစာ-ပြည်သူ့ရင်ခွင် ခိုလှုံလာသည့် CDM တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်အချို့ကို တွေရစဉ်
#CDMစစ်သားနှင့်ရဲတပ်ဖွဲ့ဝင် #၃၀၀ကျော် #တော်လှန်ရေးတပ်ဖွဲ့များ #ပူးပေါင်းတိုက်ပွဲ ဝင် #Ayeyarwaddy_Times