
ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဝင် အင်အား ၁၅၀၀ ခန့်ဖြင့် နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း တောင်ပိုင်းတိုင်း-အထူးကွန်မန်ဒိုတပ်ရင်း၊ ရိုးမ(၂) စစ်ကြောင်းက ထုတ်ပြန်ထားသည်။
တောင်ပိုင်းတိုင်း-အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ(၂)စစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များသည် မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ခမရ−၅၉၉၊ ခမရ−၅၉၀၊ မုန်းမြို့မ ရဲစခန်းနှင့် တံတားထိပ်ဂိတ်စခန်းတို့ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့ ည ၁၁နနာရီ၄၀ မိနစ်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅နာရီ ၃၀ မိနစ်တွင် စခန်းများအားလုံးကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ၂ ရက်တာအတွင်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိကာ ကွန်မန်ဒို တပ်ရင်း ရိုးမ(၂)စစ်ကြောင်းမှ အထူးကွန်မန်ဒို သုံးဦး ကျဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဘက်က အထူးကွန်မန်ဒို သုံးဦး ကျဆုံးပြီး တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရတယ်။ နောက်ထပ် ရဲဘော် ၁၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်။ အခြား ပူးပေါင်းတော်လှန်ရေးအဖွဲ့တွေမှာလည်း ကျဆုံးမှုတွေ ရှိသလို ထိခိုက်ဒဏ်ရာရမှုတွေလည်းရှိပါတယ်။ ဒါကိုတော့သက်ဆိုင်ရာ တပ်ရင်းတွေက ထုတ်ပြန်မှသိရပါမယ်” ဟု အထူးကွန်မန်ဒိုတပ်ရင်း မှ တာဝန်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် ၎င်းတို့၏ စစ်စခန်းများမှနေ၍ ဒေသခံများ နေထိုင်သည့် ကျေးရွာများအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို မကြာခဏပြုလုပ်လျက် ရှိသောကြောင့် ဒေသခံအများအပြား ထိခိုက်သေဆုံးဒဏ်ရာရရှိမှုများရှိ၍ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များနှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မုန်းမြို့ မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး အဆင့်အပါအဝင် အများအပြား လက်နက်ချ အညံ့ခံခဲ့ပြီး အကြမ်းဖက် စစ်အာဏာရှင် ပြုတ်ကျရေး ရည်မှန်းချက်ဖြင့် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် အခြား သော တော်လှန် ပူးပေါင်းတပ်များ တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ကြောင်း အထူးကွန်မန်ဒို တပ်ရင်းတောင်ပိုင်းတိုင်းက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-အထူးကွန်မန်ဒို တပ်ရင်းတောင်ပိုင်းတိုင်း
#မုန်းမြို့ #စစ်ကောင်စီတပ်စခန်းအားလုံး #၂ရက်အတွင်းသိမ်းပိုက် #နယ်မြေရှင်းလင်းရေးလုပ်ဆောင် #Ayeyarwaddy_Times