ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် အင်အားလုံလောက်မှုမရှိသည့် စစ်ကောင်စီတပ်သည် အသက်အရွယ်ကြီးရင့်နေသော စစ်ကောင်စီတပ်သားအချို့ကို မြို့တွင်းကင်းလှည့်မှုများ ပြုလုပ်နေကြောင်း မြို့ခံများထံက သိရသည်။

လေးမျက်နှာမြို့၌ပြီးခဲ့သည့် နိုဝင်ဘာလနောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီတပ်အင်အား အများအပြားကို ရခိုင်နှင့်ရှမ်းမြောက်ဒေသသို့ ရှေ့တန်းပို့ဆောင်ခံရပြီးနောက် အင်အားလုံလောက်မှုမရှိ၍ အသက်အရွယ်ကြီးရင့်သည့် စစ်ကောင်စီတပ်သားဦးရေ ၂၀ကျော်ထက်မနည်းကို မြို့တွင်းကင်းလှည့်ရာတွင် အသုံးပြုလာကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် မြို့ခံတစ်ဦးကပြောသည်။

“မြို့ထဲမှာစစ်သားတွေသိပ်မတွ့ရတော့ဘူး။အသက်ကြီးကြီးစစ်သားတွေကိုပဲ ကင်းလှည့်တဲ့နေရာမှာသုံးလာတယ်။တခါတလေ လမ်းထွက်ရင်တောင် ရဲနဲ့အသက်ကြီးကြီးစစ်သားတွေပဲ စစ်ဆေးနေတာတွေ့နေရတယ်”ဟု မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင်မြို့တွင်းရှိ မြစ်ကျိုးဝမူလတန်းကျောင်းအနီး ၊မြို့နယ်ရဲစခန်းနေရာနှင့် ငဝန်တံတား (လေးမျက်နှာ)အတက်နေရာတို့၌ စစ်ကောင်စီတပ်သား သက်ကြီးအချို့နှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၁၀ဦးဝန်းကျင်က နေရာယူကာ ကင်းပုန်းချစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြိုခံများထံကသိရသည်။

“ရဲစခန်းမှာကအသက်ကြီးကြီးစစ်သားတွေနဲ့ ရဲတွေပဲကင်းပုန်းချထားတယ်။ မြစ်ကျိုးမူလတန်းကျောင်းနဲ့ လေးမျက်နှာတံတားဘက်မှာတော့ အသက်ကြီးရော ငယ်တဲ့သူတွေကိုပါ စစ်သားတွေရဲတွေက စစ်ပြီးငွေတောင်းနေကြတယ်”ဟု မြို့ခံနောက်ထပ်တစ်ဦးကဆိုသည်။

အလားတူလေးမျက်နှာမြို့ တွင်းရှိ မြို့နယ်အားကစားခန်းမတွင် နိုဝင်ဘာလ၃၀ရက်နေ့ကစပြီး စစ်ကောင်စီတပ်အင်အား ၆၀ဦးထက်မနည်း တပ်စွဲနေပြီး ရခိုင်ရိုးမတောင်ခြေရှိ ကျေးရွာများအနီးသို့ စစ်ကောင်စီတပ်နှင့် ရဲအဖွဲ့မှ စစ်ကြောင်းထိုးမှုများရှိနေသည်။

#လေးမျက်နှာ #စစ်ကောင်စီ #အင်အားလုံလောက်မှုမရှိ၍ #အသက်အရွယ်ကြီး #စစ်သားအချို့ကို #မြို့တွင်းကင်းလှည့်ရာတွင်အသုံးပြု
#Ayeyarwaddy_Times