ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်

အာဏာရှင်စနစ်အမြစ်ပြတ်ရေး စစ်ရေးအရှိန်မြင့် တိုက်ခိုက်နေသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ဒေသအချို့တွင် ခရီးသွားလာမှုများရှိနေပြီး ဟိုတယ် အချို့ ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပွင့်လင်းရာသီရောက်ချိန်တွင် ပြည်တွင်းခရီးသွားလာမှု မြင့်တက်လေ့ရှိပြီး ယခုကာလတွင်မူ ကမ်းခြေ ဒေသ၊ ပုဂံနှင့် ပြင်ဦးလွင်မြို့များထံ အလည်အပတ် ခရီးသွားများရှိကြောင်း ခရီးသွားလုပ်ငန်း တစ်ခုထံက စုံစမ်းသိရသည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် နှစ်စဉ်ဒီဇင်ဘာလတွင် ကျင်းပလေ့ရှိသော ပန်းပွဲတော်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့အထိ တစ်လတာကျင်းပမည် ဖြစ်ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

“ ပွဲတော်ရှိတယ်။ ခရီးသွားတွေလာကြမယ်ထင်တယ်။ မနှစ်ကလည်းလာကြတယ်။ ကားတွေရော လူတွေရော အပြည့်ပဲ။ ဟိုတယ်တွေလည်းဖွင့်တယ်။ ဈေးတောင်လျော့ ထားတယ်ကြားတယ်။ ပြင်ဦးလွင်းမှာ နာမည်ကြီး ဟိုတယ်ပဲ တစ်ခန်းကို deluxe room မှ လေးသောင်းတဲ့။ အခုရက်တော့အခန်းအားတယ်။ ပွဲတော်နားနီးရင် အခန်းပြည့်လို့ ကြိုမှာဖို့လိုမယ်ထင်တယ်” ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ကမ်းခြေဒေသများဖြစ်သော ငွေဆောင်နှင့်ချောင်းသာကမ်းခြေများသို့ ပြည်တွင်း ခရီးသွားများ နေ့စဉ်ရှိနေပြီး လမ်းခရီးတွင် အစစ်ဆေး၊ မေးမြန်းမှုများမရှိကြောင်း၊ အဝေးပြေးကားများ ပြေးဆွဲလျက်ရှိကြောင်း ခရီးသွား လုပ်ငန်းတစ်ခုထံက သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း နိုင်ငံတကာအဆင့်မီဟိုတယ်နှင့် ဟိုတယ်အသစ် အချို့အပါအဝင် ဟိုတယ် ၅၀ ကျော်ဖွင့်လှစ်လျက်ရှိကြောင်း စုံစမ်းသိရသည်။

ယင်းပြင်ရန်ကုန်မြို့ရှိ အနှစ်နှစ်ဆယ်ကျော်သက်တမ်းရှိ ကြယ်ငါးပွင့်အဆင့်ရှိသော ဆီဒိုးနားဟိုတယ်သည် ပိုင်ရှင်အသစ်ပြောင်းလဲပြီး နှစ်လအကြာ ဒီဇင်ဘာ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ကြောင်း ယင်းဟိုတယ်၏ ကြေညာချက် အရ သိရသည်။

အဆိုပါဟိုတယ်ကို စင်ကာပူအစိုးရ ငွေကြေးထောက်ပံ့မှုပါဝင်သော Keppel ကော်ပိုရေးရှင်း လုပ်ငန်းစုက အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် စင်ကာပူနိုင်ငံခြေစိုက် ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှုကုမ္ပဏီ Spring Blossom Ventures ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်အပြီးသတ် ရောင်းချခဲ့ကြောင်း Keppel ကော်ပိုရေး ရှင်း၏ ထုတ်ပြန်ချက်အရသိရသည်။

ကမ္ဘာကူးစက်ရောဂါ ကိုဗစ် ၁၉ ကူးစက်ဖြစ်ပွားနေချိန် စစ်တပ်အာဏာသိမ်းပြီး နောက်ရပ်ဆိုင်းသွားသော လုပ်ငန်းများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအများဆုံး ဖြစ်ပြီး ဟိုတယ်တချို့ပိတ်ထားရသည့်အထိ စီးပွားရေး အထိနာခဲ့သည်။

ထို့ပြင်ရန်ကုန်မြို့လယ်၊ ဆူးလေရှိ Sule Shangri-La Hotel ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှစတင်ကာ ယာယီ ပိတ်သိမ်းထားခဲ့ပြီး လက်ရှိအချိန်ထိ ပိတ်ထားဆဲ ဖြစ်သည်။

ဓာတ်ပုံ – ဧရာ၀တီတိုင်းမ်၊ လူမှုကွန်ရက်
#ဆီဒိုးနားပြန်ဖွင့် #ခရီးသွားလုပ်ငန်း #Ayeyarwaddy_Times