ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာ ၄ ရက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် အခြေစိုက်ထားသော စစ်ကောင်စီ၏ တပ်ရင်း၊ တပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးမှုများပြားခြင်းနှင့် တပ်စခန်းတိုက်ခိုက်ခံရခြင်းတို့ကြောင့် စစ်ကောင်စီတပ်က မြို့အဝင်/အထွက်များကို ပြီးခဲ့သည့် နိုဝင်ဘာလ၊ ပထမအပတ်မှ စတင်၍ ပိတ်ဆို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ အပြင်မထွက်ရအမိန့်လည်း ထုတ်ပြန်ခဲ့သလို ပြည်မဘက်မှ မြို့ထဲသို့ ကုန်တင်ယာဉ်များ ဝင်ရောက်လာခြင်းမရှိသည့်အတွက် ဆန်အပါအဝင် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်နေပြီဖြစ်ကြောင်း သိရသည်။

“ပြည်မဘက်ကနေ တင်သွင်းလာတဲ့ ဆန်အိတ်တွေ မရှိတော့ဘူး။ လောလောဆယ်တော့ ဒေသထွက် ဆန်ပဲ ဝယ်ယူစားသုံးနေကြတယ်။ မြို့အဝင်/အထွက်တွေလည်း ပိတ်ဆို့ထားတော့ ဒေသထွက်ဆန်တွေလည်း ဝယ်ယူချင်းတိုင်းမရပြန်ဘူး။ ပြောချင်တာက ကျေးလက်ဘက်ကနေ မြို့ထဲကို ဝင်ရောက်ခွင့်ကအစ ပိတ်ပင်ထားတာ။ မြို့ထဲကနေ မြို့ပြင်ကိုလည်း ထွက်လို့မရဘူး”လို့ ဒေသခံကုန်သည်အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံး၏ ထောက်ခံစာဖြင့် မြို့အဝင်/အထွက်များကို ယခင်က ခွင့်ပြုပေးထားသော်လည်း လက်ရှိတွင် ထောက်ခံစာများကို ထုတ်ပေးခြင်းမရှိတော့ကြောင်းသိရပြီး မြို့ထဲသို့ ဒေသထွက်ဆန်များလာရောင်းသည့် ကျေးလက်နေ ဒေသခံတချို့လည်း မြို့ထဲတွင် ပိတ်မိနေကြောင်း သိရသည်။

ထို့အပြင် မင်းတပ်-မတူပီလမ်းရှိ မတူပီမြို့၏ ကြိုဆိုပါ၏ မုခ်ဦးအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၁ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီးဖြိုးမင်းထက်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း ခုနှစ်ဦးသေဆုံး၍ ပစ္စတိုတစ်လက်၊ MA-3 ၂ လက်တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ယမန်နေ့၊ ဒီဇင်ဘာ ၃ ရက်နေ့၊ ညနေ ၆ နာရီကနေ စတင်ပြီး မတူပီမြို့၊ ခလရ ၃၀၄ တပ်ရင်းမှာ တိုက်ပွဲဖြစ်ပွားနေတယ်။ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)က လာရောက်တိုက်ခိုက်တာ ဖြစ်နိုင်တယ်။ မတူပီမြို့၊ အထက ၁ ကျောင်းဝန်းထဲမှာလည်း စစ်ကောင်စီတပ်က ကတုတ်ကျင်းတွေတူးပြီး ခံစစ်ပြင်ဆင်နေတယ်။ ဒီရက်ထဲမှာ စစ်ကောင်စီတပ်တွေ မြို့ထဲမှာ ခြေရှုတ်နေကြတယ်”ဟု မတူပီမြို့၊ ဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားသည်။

မတူပီမြို့ ရှိ ကြိုဆိုပါ ၏ အနီးရှိ လူနေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး ဓမ္မအမှုတော်ဆောင်တပါးအပါအဝင် ပြည်သူတစ်ချို့ကိုလည်း ဖမ်းဆီးကာ ယနေ့ချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ၄ ရက်နေ့အထိ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၁၅ ဦးခန့် အလင်းဝင်ရောက်လာခဲ့ပြီး ယခင်နှစ်များထက် အလင်းဝင်ရောက်လာသူများပြားကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ထံမှ သိရသည်။

ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလတွင် မတူပီခရိုင်၊ ရေဇွာမြို့နှင့် လိုင်လင်းပီမြို့တို့ကို အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ တပ်စခန်းများကိုလည်း ဆက်လက်တိုက်ခိုက် သိမ်းပိုက်သွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

ဓာတ်ပုံ- မတူပီမြို့။

#မတူပီ #စစ်ကောင်စီ #ထွက်ပြေးမှု #မြို့အဝင်အထွက်ပိတ်ဆို့ #မြို့ပေါ် #ဆန်အပါအဝင် #စားသောက်ကုန်များပြတ်လတ်
#Ayeyarwaddy_Times