ဇွဲနိုင် / ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဒီဇင်ဘာ ၄ ရက်

တနင်္သာရီ တိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသသို့ ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ကင်းလှည့် ထွက်လာသည့် မောရဝတီရေတပ်ဌာနချုပ်မှ စစ်ကား သစ်ပင်ကိုဝင်တိုက်ပြီး တိမ်းမှောက်ကာ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ ကြောင်း ဒေသခံများ နှင့်တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

ယမနန်နေ့ နံနက် ၈ နာရီခန့်က ကင်းလှည့်လာသည့် မောရဝတီရေတပ်မှ စစ်ကား သုံးစီးအနက် အင်အား ၂၀ ဝန်းကျင်ခန်ပါတဲ့ စစ်ကားအကြီးတစ်စီးသည် သီရိမင်္ဂလာ ရပ်ကွက် နေအိမ်တစ်အိမ်မှ စိုက်ထားသည့် သစ်ပင်ကိုဝင်တိုက်ပြီး တိမ်းမှောက် ခဲ့ခြင်း ဖြစ်ကြောင်းဒေသခံအချို့က ဆိုသည်။

“စစ်ကားက ကံပေါက် ကို ကင်းလှည့်နေတဲ့စစ်ကားတွေ။ အားလုံး သုံးစီးပါတယ်။ မှောက်တဲ့ ကားမှာက အင်အား ၂၀ လောက်ပါတယ်။ မှောက်တာက သီရိမင်္ဂလာ ရပ်ကွက် ထဲမှာ မှောက်တာပါ။ အိမ် နံဘေးမှာ စိုက်ထားတဲ့ သစ်ပင်ကို ဝင်တိုက် ပြီးမှောက်တာ။ အဲဒီအိမ်က ခြံစည်းရိုးတွေလည်းပျက်သွားတယ်။ မှောက်တဲ့ကားက အလယ်က ပါလာတဲ့ ကားကြီးပေါ့။ အဲဒီကား မှာ က ခေါင်မိုးပေါ် မှာ စက်သေနတ်တွေတင်ထားတာ။ သစ်ပင်ကိုဝင်တိုက်တာ တော်တော်ကို ကြမ်းတယ်။ သစ်ပင် နဲ့ ခံသွားလို့ မြောင်းထဲ မကျတာ။ သစ်ပင်ပါ လဲကျသွားတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ စစ်ကား တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် အခြားကားတွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများ အားလုံး ကားပေါ်ကဆင်း၍ အနီးအနားရှိ တောတောင်နဲ့ အခြားနေရာများတွင် ကင်းပုန်းဝပ်ကာ နေရာယူခဲ့ကြကြောင်း သိရသည်။

ထိုနောက် တိမ်းမှောက်သွားသည့် စစ်ကားကို အခြားကားတစ်စီးဖြင့် ဆွဲတင်ကာ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာအပြင်း အထန်ရရှိသူများကို မောရဝတီ ရေတပ် စစ်ဆေးရုံသို့ သယ်ဆောင်သွားကြပြီး တစ်နာရီ ခန့်အကြာတွင် ပြန်လည်ထွက်ခွာသွား ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကား တိမ်းမှောက်မှုကြောင့် မောရဝတီရေတပ်မှ အသက် ၂၇ နှစ်အရွယ် ဗိုလ်ကြီး တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ခုနှစ်ဦးခန့် အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည် စစ်ကောင်စီတပ်သား အလောင်းများကို မောရဝတီ ရေတပ် ဌာနချုပ်အတွင်း၌ပင် ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့တွင် မြေမြုပ်သင်္ဂြိုဟ် မည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ် ကဆိုသည်။

အဆိုပါ ကားတိမ်းမှောက်မှုကြောင့် နေအိမ်၏ ခေါင်မိုး နှင့် ခြံစည်းရိုး များ ပျက်စီးခဲ့ပြီး ဆုံးရှုံးသွားသည့် ပျက်စီးမှုများကို ကျသင့်သည့် တန်ဖိုးအတိုင်း အကုန်ကျခံ ပြုပြင်ပေးသွားမည်ဟု မောရဝတီ ရေတပ်ဌာနချုပ်အရာရှိက အိမ်ရှင်ကို ပြောဆိုခဲ့ ကြောင်း ဒေသခံအချို့ထံက သိရသည်။

ပုံစာ-ကံပေါက်မြို့

#ကံပေါက် #ကင်းလှည့် #မောရဝတီရေတပ်စစ်ကား #သစ်ပင်နှင့်တိုက် #အရာရှိ၁ဦးအပါဝင်၃ဦးသေဆုံး #Ayeyarwaddy_Times