ဧရာဝတီတိုင်းမ်
(တွန်းဇံ)၊ ဒီဇင်ဘာ ၄ ရက်

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် စစ်ကောင်စီတပ်က ဦးဆောင်၍ကျင်းပခဲ့သော “Sweet December”ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့ (ZRA)က ယူနီဖောင်းအပြည့်အစုံ၊ လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူပေးနေကြောင်း သတင်းရရှိသည်။

အဆိုပါဖူဆယ်ဘောလုံးပွဲကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ရက်မှ ဒီဇင်ဘာ ၂ရက်နေ့အထိ တွန်းဇံမြို့တွင် စစ်ကောင်စီက ကျင်းပခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင် အဓိကလှုပ်ရှားနေသော ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့ (ZRA)သည် အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအပါအဝင် စစ်ရေးအရပါ လုံးဝပူးပေါင်းထားခြင်းမရှိ ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့က ဒေသသတင်းဌာနဖြစ်သော ခိုနူမ်းသုန်တွင် ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)၏ ယာယီပြောခွင့်ရ Sr.JKက ဖြေကြားခဲ့သည်။

ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)သည် ချင်းအမျိုးသားတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သလို ဒေသအတွင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)တပ်ဖွဲ့ဝင် နှစ် ဦးသေဆုံးခဲ့ပြီး ဒရုန်းအပါအဝင် လက်နက်ခဲယမ်းအများအပြားဆုံးရှုံးခဲ့ကြောင်းသိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ တပ်ရင်း-၃ ကို ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)က လာရောက်တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ “စခန်းကို လာတိုက်ခိုက်တဲ့အခါမှာ ဗမာစကားနဲ့ ဇိုမီးစကားပြောသံတွေကြားရတယ်။ ဗမာစကားနဲ့ အမိန့်ပေးသံတွေပေါ့။ ကျွန်တော်တို့က ဇိုမီးစကားတွေကိုလည်း နားလည်တော့ တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး လာတိုက်မှန်း သေချာသွားတာ။ မင်းအောင်လှိုင်ပြုတ်တဲ့နေ့ဟာ ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)လည်း ပြုတ်တဲ့နေ့ပဲ”လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ အထွေထွေအတွင်းရေးမှူးနှင့် ပြောခွင့်ရဦးထန်ဆွမ်းမုန်က ပြောကြားသည်။

ထို့အပြင် ချင်းကာကွယ်ရေးပူးပေါင်းတပ်များအားလုံးဖြင့် ယခင်က ဖွဲ့စည်းထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းကော်မတီ(CJDC)ကလည်း ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားသည်။

ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)သည် စစ်ကောင်စီနှင့် ပူးပေါင်းခြင်း၊ မပူးပေါင်းနှင့် ပတ်သက်၍ ၎င်းတို့လူမျိုးအချင်းချင်းကြားတွင် မကြာခဏငြင်းခုန်မှုများရှိသလို ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)၏ လုပ်ဆောင်ချက်များကြောင့် စစ်ကောင်စီနှင့်အတူ ပူးပေါင်းခြင်းသည် ငြင်းမရအောင် သေချာနေပြီဖြစ် ကြောင်းဒေသခံအချို့က ပြောသည်။

“တွန်းဇံမြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေရှိတယ်။ ပြီးတော့ ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)ကလည်း မြို့ထဲမှာ တပ်စခန်းချပြီး တပ်စွဲထားတယ်။ ဂိတ်တွေမှာလည်း တပ်ဖွဲ့ဝင်တွေ အတူတူကင်းစောင့်နေတာရှိတယ်။ လက်ရှိ ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)ကိုင်ဆောင်အသုံးပြုနေတဲ့ လက်နက်ခဲယမ်းတွေဟာလည်း စစ်ကောင်စီက ပေးအပ်ထောက်ပံ့ပေးတာ။ မနေ့က ကျင်းပတဲ့ ဖူဆယ်ပြိုင်ပွဲမှာလည်း အပေါ်တင်လုံခြုံရေးယူပေးနေတာ ပြည်သူတိုင်းအသိပဲလေ”လို့ တွန်းဇံမြို့၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောဆိုသည်။

ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)သည် တွန်းဇံမြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင် တပ်ဖွဲ့ဝင်အသစ်များကို အတင်းအဓ္ဓမစု‌ဆောင်းခြင်းနှင့် ဆတ်ကြေးကောက်ခြင်းများမကြာခဏပြုလုပ်ခဲ့ကြောင်းဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)က အာဏာသိမ်းစစ်ကောင်စီဥက္ကဌမင်းအောင်လှိုင်ကို ၂၀၁၈ ခုနှစ်က ချင်းသူရဲကောင်းဘွဲ့ ပေးအပ်ခဲ့သည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်စသည့် သုံးနိုင်ငံတွင် နေထိုင်ကြသော ဇိုမျိုးနွယ်စုများစုစည်းနိုင်ရန် ရည်ရွယ်၍ ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့-Zomi Revolution Army(Eastern Command)ကို ပူးဇိုးထန်ဦးစီး၍ ၂၀၁၃ ခုနှစ်တွင် ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)အရှေ့ပိုင်းတိုင်းအဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် လုံခြုံရေးယူပေးနေသည့် ZRA
#စစ်ကောင်စီ #ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA) #တွန်းဇံမြို့ #ပူးဇိုထန်း #Ayeyarwaddy_Times