ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဒီဇင်ဘာ ၄ ရက်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ လင်းနေစန်းကျေးရွာဘုန်းကြီးကျောင်း၌ တည်းခိုနေသည့် စစ်ကောင်စီတပ်သား သုံးဦးကို ယမန်နေ့ ဒီဇင်ဘာ ၃ ရက်၊ နံနက် ၅ နာရီဝန်းကျင်တွင် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၅က ဝင်ရောက်ဖမ်းဆီးခဲ့ရာ နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး တစ်ဦးကို MA-3 သေနတ်တစ်လက်နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သားမှာ မင်းလှအခြေစိုက် ခလရ-၁ တပ်ရင်းမှ တပ်သား ရောဆက်ဖြစ်ပြီး မသန်စွမ်းအမျိုးသမီးတစ်ဦးကိုလည်း အဓမ္မပြု ကျင့်ခဲ့ကြောင်းထွက်ဆိုခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်သားအား တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားစဉ် ထွက်ပြေးခဲ့သည့် အတွက် ပစ်ခတ်ဖမ်းဆီးရာမှ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

တပ်သားရောဆက် အပါအဝင် စစ်ကောင်စီ တပ်သားသုံးဦးသည် စစ်ကြောင်းမှ ခွဲထွက် လာပြီးနောက် ၎င်းတို့ကိုလမ်းပြရန်အတွက် လယ်ကြမ်းတောမှ ဒေသခံများကို ဖမ်းဆီးရန် ကြိုးစားစဉ် ဒေသခံများမှာ ထွက်ပြေးသွား၍ ကျန်နေရစ်သည့် မသန်စွမ်းအမျိုးသမီးတစ်ဦးကို ၎င်းတို့သုံးယောက်မှ အဓမ္မပြုကျင့်ခဲ့ကြောင်း တပ်သား ရောဆက်က တော်လှန်ရေးတပ်ဖွဲ့များထံ ဝန်ခံခဲ့သည်။

“မသန်စွမ်းအမျိုးသမီးတစ်ဦးကို အဓမ္မကျင့်တာကို သူ(စစ်ကောင်စီတပ်သားရောဆက်) ကလိမ်သေးတယ်။ မလုပ်ခဲ့ဘူးဆိုပြီး။ ကျွန်တော်တို့ကို နစ်နာသူတွေဘက်ကလည်း ပြောပြီး အဆက် အသွယ်ရပြီးမှ ပြန်ပြောတော့မှဝန်ခံတယ်” ဟု PDFတပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၅ တာဝန်ရှိသူ ရဲဘော်ရိုးမက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပစ်ခတ်ဖမ်းဆဆီးစဉ် သေဆုံးသွားသည့် တပ်သားရောဆက်သည် ပဲခူးရိုးမအတွင်းရှိ မင်းလှဆည်သို့ အင်အား ၃၀ ပါစစ်ကြောင်းနှင့်အတူ ဒီဇင်ဘာ ၁ ရက်နေ့က စစ်ကြောင်း ထိုးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တပ်သားရောဆက်အပါအဝင် ကျန်တပ်သားများမှာ ဒီဇင်ဘာ ၁ ရက်နေ့တွင်ပင် ပြည်သူပိုင် စက်လှေ သုံးစီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆယ်ရွာမှ ဒေသခံတစ်ဦး၏ နေအိမ်တွင် ဝင်ရောက်တပ်စွဲ၍ အိမ်ထောင်ရှိသူ အိမ်ရှင်အမျိုးသမီးကိုလည်း အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ သူ့ကို(စစ်ကောင်စီတပ်သားရောဆက်) စစ်သုံ့ပန်းဥပဒေနဲ့ အညီလည်းထားတယ်။ ကောင်းကောင်းမွန်မွန် လည်းထားတယ်။ MODကို လွှဲပေးဖို့လည်း စီစဉ်ထားပြီးသား။ တိုက်ပွဲတွေနဲ့ အဆင် မပြေသေးလို့ မပို့ရသေးတာ။ ကျွန်တော်တို့အဖွဲ့အနေနဲ့က သုံ့ပန်းကို မသတ်ချင်ဘူးပေါ့နော်။ စစ်ကောင်စီဘက်က ယုတ်မာတိုင်း ကိုယ့်ဘက်က သူတို့လို မလုပ်ချင်ဘူး။ ဒါပေမဲ့ညပိုင်းမှာ သူက ထွက်ပြေးသွားတဲ့အတွက် ကင်းစောင့်ရဲဘော်တွေက‌ ပစ်ခတ်ဖမ်းဆီးရာမှာ သေသွားတယ်” ဟု ရဲဘော်ရိုးမက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း PDFတပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၅ နှင့် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့တို့ မင်းလှမြို့နယ်ရှိ ပဲခူးရိုးမတစ်နေရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာများစွာဖြင့် အထိနာခဲ့ပြီး ပြန်လည်ဆုတ်ခွာ သွားကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့

#မင်းလှ #သာယာဝတီခရိုင် #အုတ်ဖို #စစ်ကောင်စီတပ်သားဖမ်းမိ #ခလရ၁ #မသန်စွမ်းအမျိုးသမီးအဓမ္မပြုကျင့် #ပစ်ခတ်ဖမ်းဆီးစဉ်သေဆုံး #Ayeyarwaddy_Times