
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်
CDM နင့်PDF များကို ထောက်ပံမှုများပြုလုပ်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် ပုသိမ်ဒေသခံ အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၂၂နှစ်ချမှတ်လိုက်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရှိရသည်။
ပုသိမ်မြို့အမှတ်၈ရပ်ကွက် မဟာဗောဓိလမ်းတွင်နေထိုင်သော အသက်၂၄ နှစ်အရွယ်ရှိ မချစ်စုထွန်း ကို ပြီးခဲ့သည့်ဇွန်လအတွင်းက စစ်ကောင်စီတပ်နှင့် ရဲများက အင်အားအများအပြားနှင့် နေအိမ်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးပြုလုပ်ခဲ့ကာ ပုသိမ်ထောင်သို့ပို့ဆောင်ထားပြီးနောက် ငါးလအကြာ နိုဝင်ဘာနောက်ဆုံးအပတ်က အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
“ထောင်မှာပဲ အထူးတရားရုံးလုပ်ပြီး ပုသိမ်ခရိုင်တရားသူကြီး အမိန့်လာချလိုက်တာ။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေဖြစ်တဲ့ ပုဒ် မ၅၂ ၊ ပုဒ်မ ၅၄ ၊ ပုဒ်မ ၅၀၅(ခ) တွေနဲ့ ၂၂နှစ်ချလိုက်တာ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ယခုအမိန်ချမှတ်ခံရသူ မချစ်စုထွန်းသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်သော ဆန္ဒပြပွဲများတွင် တက်ကြွစွာပါ၀င်ခဲ့သောကြောင့် စစ်ကောင်စီက စောင့်ကြည့်ဖမ်းဆီးခံရခြင်းဖြစ်ပြီးယခုကဲ့သို့ မတရားပုဒ်မများတပ်ကာ အမှုဆင်ထောင်ချခဲ့ခြင်းသာဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများကပြောသည်။
လက်ရှိပုသိမ်ထောင်တွင် ဧရာဝတီတိုင်းမှ နိုင်ငံအကျဉ်းသား ၆၀၀ နီးပါးရှိပြီး အမျိုးသမီး နိုင်ငံရေးအကျဥ်းသူ ၁၀၀ ခန့် ရှိနေကာ ထောင်တွင်းတရားရုံးမှ ထောင်ဒဏ် ချမှတ်ခံရသည့် နိုင်ငံရေးအကျဉ်းသား အမျိုးသမီး၊ အမျိုးသား ၄၀၀ ကျော် ဝန်းကျင် ရှိနေကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူများထံမှသိရှိရသည်။
#ပုသိမ်မြို့ #မချစ်စုထွန်း #CDM #PDF #ပုသိမ်ထောင်# နိုင်ငံရေးအကျဉ်းသား၆၀၀နီးပါးရှိ
#Ayeyarwaddy_Times