နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ရက်

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့၊ မြို့မရဲစခန်းတန်းလျားတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့ ည ၇ နာရီကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သော်လည်း စစ်ကောင်စီက သတင်းမပြန့် စေရန်အတွက် ဖုံးဖိထားကြောင်း ဒေသခံအချို့ ထံက သိရသည်။

“အသံက အတော်လေးကျယ်တယ်။ မြေကြီးတွေပါ တုန်သွားတာ။ ဗုံးကွဲမှုဖြစ်ပြီးပြီးချင်းပဲ လမ်းတွေပိတ်ဆို့ပြီး စစ်ဆေးတာတွေလုပ်တာ။ လမ်းပေါ်မှာ မသင်္ကာလို့ဆိုပြီး ဖမ်းဆီးခံရသူတွေလည်းရှိတယ်” ဟု ကျိုက်လတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကို ဧရာမြို့ပြ ပြောက်ကျားတပ်ဖွဲ့၊ ကျိုက်လတ် စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့နှင့် နေပြည်တော် မြို့ပြပြောက်ကျားအဖွဲ့ သုံးဖွဲ့ပူးပေါင်း၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုများကိုစုံစမ်း နေကြောင်း တော်လှန်ရေး အင်အားစုများ ထံကသိရသည်။

#ကျိုက်လတ်မြို့ #မြို့မရဲစခန်း #ရဲတန်းလျား #ဗုံးပေါက်ကွဲ #Ayeyarwaddy_Times