
ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်
စစ်တပ်မှ ထွက်ပြေးသွားသည့် ခွင့်မဲ့/စစ်ပြေး စစ်သည်များနှင့် သာမန်ပြစ်မှု ကျူးလွန်သူများ ပြန်လည်တာ၀န် ထမ်းဆောင်မည်ဆိုပါက လက်ခံ ပေးသွားမည် ဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်က ထုတ်ပြန်ထား သည်။
ရှေ့တန်း စစ်မျက်နှာ အစုံဖွင့်ထားပြီး နေရာစုံတွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် တပ်ဖွဲ့ အင်အား သိသိသာသာလျော့နည်းလာပြီး တပ်သားသစ် စုဆောင်းရန် ခက်ခဲနေသည့်အတွက် ယခုကဲ့သို့ ပြန်လည်ခေါ်ယူကာ တပ်သားစုဆောင်းနေရခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတစ်၀န်း ခွင့်မဲ့/စစ်ပြေးစစ်သည်များမှ ဆက်သွယ်တင်ပြလာမှုများအရ သတ်မှတ် ကာလနှင့်အကျုံး၀င်သည့် စစ်သည်များကို သက်ဆိုင်ရာ သို့မဟုတ် နီးစပ်ရာတပ်များတွင် ပြန်လည်လက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် သာမန်ပြစ်မှု ကျူးလွန်သူ စစ်သည်များကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီကဆိုထားသည်။
“ဘယ်သူကပြန်သွားမှာလဲ။ မလုပ်ချင်တော့လို့တောင် ခွင့်မဲ့နဲ့ပြေးပါတယ်ဆိုမှ။ ခုဟာက လုပ်ချင်လွန်းလို့ တောင်းဆိုလို့ပြန်လက်ခံပေးနေတဲ့ ပုံစံနဲ့ စာထုတ်တာ။ လက်တွေ့နဲ့ တခြားစီဖြစ်နေတာ။ ဖုံးလေပေါ်လေနဲ့ အောက်ခြေက ကျပ်မပြည့်တဲ့ ကောင်တွေ ပြောသမျှယုံပြီး အကုန်လိုက်လုပ်နေတာ စစ်တပ်ကရှက်စရာ ကောင်းနေပြီ”ဟု ကြည်းတပ်မှ စစ်မှုထမ်းဟောင်းတပ်ကြပ်ကြီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြော သည်။
စစ်ကောင်စီတပ်မှ ယခုခေါ်ယူသည့် ဗိုလ်လောင်းသင်တန်း စစ်တက္ကသိုလ် DSA အပတ်စဉ် (၆၉) တွင် လာရောက်တက်ရောက်သူ သင်တန်းသား ၈၃ ဦးသာရှိပြီး စစ်တပ်မိသားစု၀င်များသာဖြစ်ကြောင်း သိရပြီး စစ်ကောင်စီတပ်အနေဖြင့် တပ်သားအင်အားလိုအပ်မှုကြောင့် ရန်ကုန်နှင့်မြို့ကြီးအချို့တွင် လူငယ်တချို့ကိုပေါ်တာ ဆွဲသည်ဟုယူဆနိုင်သည့် ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ထို့အပြင် စစ်မှုထမ်းဟောင်းနှင့် ရဲမှုထမ်းဟောင်းများကိုလည်း ရှေ့တန်းတွင် တာ၀န်ထမ်းဆောင်ရန်အတွက် စစ်ကောင်စီတပ်က ဆင့်ခေါ်ညွှန်ကြားမှုများ ရှိသည်ဟု သိရသည်။
ယင်းသို့ ထွက်ပေါ်လာသည့်သတင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်မှ ပြန်ကြား ရေးတာ၀န်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၎င်းတို့အနေနှင့် ပေါ်တာဆွဲခြင်း မရှိသည့်အပြင် စစ်မှုထမ်းဟောင်းနှင့် ရဲမှုထမ်းဟောင်းများကိုလည်း ဆင့်ခေါ်ခိုင်းစေခြင်းမျိုးမရှိဟု ငြင်းဆိုထား သည်။
ပုံစာ-ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ စစ်စခန်းမှ အိန္ဒိယသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကိုတွေ့ရစဉ် (ပုံဟောင်း)
#စစ်ကောင်စီ #ခွင့်မဲ့စစ်ပြေးတပ်သားများ #ပြန်လက်ခံမည် #ထုတ်ပြန်ချက် #Ayeyarwaddy_Times