ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အ‌ခြေစိုက်အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)နှင့် ထောင်ကုန်း စစ်သားစုဆောင်းရေးအဖွဲ့မှ တပ်ထိန်းတပ်ကြပ်ကြီးအပါအဝင် စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်း တပ်ပြေးမှုရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ် ထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်သို့ရှေ့ တန်းအပို့ခံရမည်စိုး၍ ပုသိမ်မြို့ အခြေစိုက်အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)ရှိ တပ်ထိန်းတပ်ကြပ်ကြီး ခုနစ်ဦး ထက်မနည်းမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ရက်နေ့က တပ်ပြေးမှုပြုလုပ်ခဲ့သည်အတွက် သက်ဆိုင်ရာ မိသားစုဝင်များကို တပ်တွင်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။

“ တပ်ထဲက တပ်ထိန်းတပ်ကြပ်ကြီးတွေ ပြေးတာ ၄ရက်ရှိနေပြီ။ ရှမ်းမြောက်ကို ရှေ့တန်း သွားရမည်လည်းဆိုကော ညတွင်းချင်းပြေးကြတာ။ တပ်တန်းထဲမှာတော့ သတင်းမထွက်အောင်ထိန်းထားတာပေါ့။ အထဲကသူတွေလည်း ပြေးဖို့လုပ်နေကြတာ အများကြီးပဲ။ အခုလိုဖြစ်သွားတော့ အကုန်ကြပ်သွားတယ်။ တပ်ပြေးလုပ်တဲ့ တပ်ကြပ်ကြီးမိသားစုဝင်တွေကိုတပ်ဝန်းထဲမှာဖမ်းထားတယ်။တပ်အပြင်ပေးမထွက်တော့ဘူး”ဟု အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သည့် တပ်သတင်း ရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် တောင်ပေါ်တန်းနေရာထောင်ကုန်းလမ်းရှိ စစ်သားစုဆောင်းရေးတပ်အတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၃ ဦးထက်မနည်းမှာလည်း ရှေ့တန်းပို့ဆောင်ခံရမည်စိုး၍ တပ်ပြေး ပြုလုပ်ခဲ့မှုကြောင့် စစ်ကောင်စီတပ်တွင်းနှင့် မြို့အပြင်နေရာများ၌ စစ်ဆေးမှုများ တင်းကျပ် ထားကြောင်းတပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“ထောင်ကုန်းစစ်သား စုဆောင်းရေးတပ်ဝင်းထဲမှာ တပ်သား ၁၀ယောက် ကျော်တယ်။ ခွင့်မဲ့ပြေးကြတာ။ လုံခြုံရေးကျတုန်းအကုန်ပြေးကြတာ။ ပြေးတဲ့သူတွေကရှေ့တန်း ပါတဲ့သူတွေချည်းပဲ။ တပ်ထဲမှာဘယ်သူမှ တပ်အပြင်မထွက်ရတော့ဘူး။ မြို့အပြင် နေရာတွေမှာနာမည်နဲ့ကော ပုံတွေနဲ့ပါတိုက်စိုက်ပြီးရှာနေကြတယ်” ဟု ထောင်ကုန်း စစ်သားစုဆောင်းရေးတပ်နှင့် နီးစပ်သည့်တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

အလားတူပုသိမ်အခြေစိုက်အနောက်တောင်တိုင်း စစ်ဌာနချုပ်အတွင်း၌ တပ်တွင်း အရာရှိများ ရှေ့တန်းထွက်ရမည့်အပေါ် ကြောက်ရွံ့နေ၍ ပုဂ္ဂိုလ်ရေးအရ အဆင်ပြေခြင်း မရှိသည့် အခြားအဆင့်တပ်ကြပ်ကြီးနှင့် တပ်သားများကိုအကြောင်းအမျိုးမျိုးပြကာ ရှေ့တန်းနေရာ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဖိအားပေးပြောင်းရွေ့ခိုင်းမှုများရှိနေ ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

#ပုသိမ်အခြေစိုက် #အနောက်တောင်တိုင်းစစ်ဌာနချုပ် #ထောင်ကုန်းစစ်သားစုဆောင်းရေးတပ် #တပ်ကြပ်ကြီး #တပ်သား၂၀ဦး #တပ်ပြေး #Ayeyarwaddy_Times