နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်

မကွေးတိုင်း၊ စေတုတ္တရာမြို့ရှိ အမှတ်(၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံ ၊ ကပစ ၂၀ ကို တော်လှန်ရေးတပ်ဖွဲ့များက ရောကတ်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိတွင် စစ်ကောင်စီဘက်မှ ခံစစ်ပုံစံပြင်၍ စက်ရုံပတ်ဝန်းကျင်ကို ကင်လှည့်နေကြောင်း PRA-မကွေးထံက သိရသည်။

ယင်းအမှတ်(၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံကို ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်၊ ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ရောကတ်ဒုံး (MH-60R Rocket) အလုံး၂၀ ဖြင့် လူထုတော်လှန်ရေး မဟာမိတ်အင်အားစု- PRA(Magway) နှင့် Z-Fighter ပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရောကတ်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စက်ရုံဝန်းနှင့် စက်ရုံအဆောက်အဦများအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ယမ်းသိုလှောင်ရုံ မီးလောင်ခဲ့သော်လည်း စစ်ကောင်စီက သတင်းဖုံးဖိထားသောကြောင့် လက်ရှိအထိ ထိခိုက်သေဆုံးမှုများအား မသိရှိရသေးကြောင်း PRA-မကွေးစစ်ဦးစီးချုပ် နောင်သူရိန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ပစ်ခတ်ပြီး နာရီဝက်လောက် အကြာမှာ စက်ရုံဝန်းထဲကနေ ကားတစ်စီး ထွက်သွားတာမျိုးတော့ ရှိတယ်။ မီးလောင်တာက ညကတည်းကနေ မနက်ထိ လောင်တာလို့သတင်းရတော့ အတော်ပြင်းထန်တဲ့ပုံပဲ။ အသေးစိတ် အချက်အလက်ကတော့ ကျွန်တော်တို့လည်း မရသေးပါဘူး”ဟု ၎င်းက ဆိုသည်။

ထိုရောကတ်ဒုံး (MH-60R Rocket) များကို ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်ခြင်းဖြစ်ပြီး ယခုထက်ပိုမို အဆင့်မြှင့်၍ ထိရောက်သည့် စစ်ဆင်ရေးမျိုးကို ဆောင်ရွက်နိုင်သော်လည်း ငွေကြေးအခက်အခဲ ရှိနေကြောင်း PRA-Magway ထံက သိရသည်။

အဆိုပါ ကပစ ၂၀ ကို စေတုတ္တရာမြို့ အနောက်ဘက် သုံးကီလိုမီတာခန့်တွင် ၂၀၀၂ ခုနှစ်က တည်ဆောက်ခဲ့ပြီး ၁၀ နှစ်အကြာ ၂၀၁၂ ခုနှစ်၌ တရုတ်နိုင်ငံမှ ပညာရှင်များနှင့်အတူ စက်လက်နက်ပစ္စည်းများ စတင်တပ်ဆင်၊ စမ်းသပ်ထုတ်လုပ်​ခဲ့ကြောင်း သိရသည်။

“လက်ရှိအခြေအနေကတော့ ခံစစ်ပုံစံ ပြင်ထားပြီး စက်ရုံပတ်ဝန်းကျင်ကို ကင်းလှည့်တာမျိုး ရှိတယ်။ (ဒီဇင်ဘာ ၁ ရက်)ညကဆို လက်နက်ကြီး အလုံး၂၀ ကျော်နဲ့ စက်ရုံဝန်းကျင်၊ မြို့ပတ်ဝန်းကျင်မှာ သေနတ်ပစ်ဖောက်တာတွေ ရှိတယ်။ ပြည်သူကို ရန်ပြုတာမျိုးတွေက အရင်ကတည်းက ရှိခဲ့ပါတယ်။ ရပ်ရွာတွေကို ခြိမ်းခြောက်တာ၊ သတင်းမှား ဖြန့်တာမျိုးတွေ ရှိတယ်” ဟု PRA-မကွေး စစ်ဦးစီးချုပ် နောင်သူရိန်က ပြောသည်။

ထို့အပြင် ကပစ ၂၀ သည် ယခင်ကတည်းက လျှို့ဝှက် Project များ လုပ်သည်ဆိုခြင်းကြောင့် နာမည်ကြီးခဲ့သည့် စက်ရုံတစ်ရုံဖြစ်သလို အစိုးရအဆက်ဆက် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များလည်း လာရောက်ကြပြီး စက်ရုံအတွင်း၌ မြေအောက် ဥမင်လိုဏ်ခေါင်းများ တူးထားကြောင်း PRA-မကွေးထံက သိရသည်။

စက်ရုံ၏ ဧရိယာသည် ဧက ၅ သောင်းကျော် ကျယ်ဝန်းပြီး စေတုတ္တရာမြို့မှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အထိ ပါဝင်ကာ လေယာဉ်ပစ် စက်အမြောက်ဟု ခေါ်သော 25mm anti aircraft cannon နှင့် 35mm anti aircraft cannon တို့အပြင် လက်နက်ကြီးများ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ယင်းလက်နက်များအတွက် ကျည်ဆံများကိုမူ တောင်တွင်းကြီးမြို့နယ်ရှိ ကပစ ၁၇ မှ ထုတ်လုပ်ပေးပြီး လက်ရှိတွင် ကပစ ၂၀ ကို အရာရှိ၊ စစ်သည် အမျိုးသမီးဝန်ထမ်း ၄၀၀ ကျော်ဖြင့် လည်ပတ်နေဆဲဖြစ်ကြောင်း ကပစစက်ရုံများ၌ နှစ်အတန်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသော CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်အာဏာ သိမ်းပြီးနောက် စေတုတ္တရာမြို့ရှိ ပြည်သူများကို အဓိက ဖိနှိပ်ခဲ့သော ကပစ ၂၀ သည် ပြီးခဲ့သည့် တစ်ပတ်ခန့်ကလည်း ငဖဲ-စေတုတ္တရာ လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို ဝင်ရောက်မွှေနှောင့်ခြင်း၊ တစ်အိမ်ကို မည်မျှဆိုကာ ငွေကြေးကောက်ခံခြင်း၊ အရပ်သားများကို ဖမ်းဆီးခြင်းနှင့် ဖုန်းများ သိမ်းဆည်းခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယခုမစ်ရှင်သည် ပထမဆုံးအကြိမ် ဖြစ်သော်လည်း ပြီးခဲ့သည့် မေလ ၂၃ ရက်က ကင်းလှည့်နေသော ကပစ ၂၀ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် တပ်ကြပ်ကြီးအပါအဝင် သုံး ဦး သေဆုံးပြီး လေး ဦး ဒဏ်ရာရရှိကာ လက်နက်ငယ်တစ်လက် သိမ်းဆည်းရမိခဲ့သည်။

ဓာတ်ပုံ – PRA-Magway
#စေတုတ္တရာမြို့ #ကပစ၂၀ရောကတ်ဒုံး #ပစ်ခတ်ခံရလ #ခံစစ်ပုံစံပြင် #စက်ရုံပတ်ဝန်းကျင်ကို #ကင်းလှည့်နေ #Ayeyarwaddy_Times