ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဒီဇင်ဘာ ၃ ရက်)

ကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) နေ့ကို နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ အဖြစ်သက်မှတ်ထားပြီး ယခု ၂၀၂၃ ခုနှစ်အတွက် World AIDS Day ရဲ့ ဆောင်ပုဒ်ကတော့ “Let communities lead” (ပြည်သူပူးပေါင်း ဦးဆောင်လို့ AIDS တိုက်ဖျက်စို့ ) ပဲဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းယူထားတဲ့ မြန်မာနိုင်ငံမှာတော့ AIDS ကူးစက်မှု တိုက်ဖျက်ရေးက အားနည်းနေပါတယ်။ ပညာပေးအစီအစဉ်တွေ၊ ကာကွယ်ဆေးတွေ၊ မျိုးဆက်ပွားကျန်းမာရေးကုသမှုတွေ အားကောင်းလာပေမယ့်ကူးစက်မှုတွေကတော့ များပြား နေဆဲပဲ ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် KTV ၊ Nightclub ယဉ်ကျေးမှုတွေ ထွန်းကားလာတဲ့အပြင် ဥပဒေစိုးမိုးမှုကင်းမဲ့တဲ့ဇုန်တွေ ဖော်ဆောင်ပြီး လူငယ်တွေကို တိမ်းမူး‌နေစေချင်တာက စစ်ကောင်စီရဲ့ သဘောထားပဲ ဖြစ်ပါတယ်။ မူးယစ်သားကောင်တွေ ဖြစ်လာကြတဲ့ လူငယ်မျိုးဆက်တွေက HIV ပိုးအန္တရာယ်ကို ကြုံတွေ့ ခံစားရသူတွေ ဖြစ်လာပါတယ်။

#HIVဘယ်ကနေကူးစက်ပါသလဲ

လိင်မှတစ်ဆင့်ကူးစက်တာ အများဆုံးဖြစ်နိုင်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံ ပျော်ပါး ကြခြင်းက အဓိက ပြဿနာဖြစ်ပါတယ်။

လိင်ဆက်ဆံတဲ့ ပစ္စည်းကိရိယာတွေကို စနစ်တကျ သန့်ရှင်းခြင်းမပြုဘဲ မျှဝေ သုံးစွဲတာတွေ High fun လို့ခေါ်ကြတဲ့ Chem Sex ဓာတုဆေးဝါးတွေ၊ သာယာ မူးယစ်စေတဲ့ဆေးဝါးတွေ၊ K , Ice ,WY ဆေးဝါးတွေ သုံးပြီး လိင်ပျော်ပါးကြတာတွေ၊ အုပ်စုဖွဲ့လိင်ပျော်ပါးကြတာတွေ၊ လိင်ပျော်ပါးနေစဉ်မှာ ကွန်ဒုံးကျွတ် ကွန်ဒုံးပေါက်ပြဲတာတွေက ကြောက်စရာ အခြေအနေတွေဖြစ်ပြီး HIV ပိုးသာမက အသည်းရောင် အသားဝါပိုးတွေ၊ ကာလသားရောဂါပိုးတွေ၊ ဆီးပူညောင်းကျရောဂါပိုးတွေကိုပါ ကူးစက်နိုင်ခြေရှိပါတယ်။

သွေးမှတစ်ဆင့်ကူးစက်ခြင်းက အဖြစ်များပါတယ်။ ဆေးထိုးအပ်၊ဆေးထိုးပြွန် သုံးပြီးသားများကို အပြန်ပြန် အလှန်လှန်သုံးကြသူတွေ၊ မျှဝေသုံးစွဲကြသူတွေ၊ မှောင်ခိုခွဲစိတ်ကုသမှုခံယူသူတွေ၊ မူးယစ်ဆေးဝါးမျှဝေသုံးစွဲကြသူတွေ၊ မသန့်ရှင်းတဲ့ ဆေးမင်ကြောင်အပ်များ ခေါင်းရိတ်ဓါးများ အသုံးပြုကြသူတွေ ကူးစက်နိုင်ပါတယ်။

နားဖောက်၊ နှာခေါင်းဖောက်၊ လျှာဖောက်၊ ချက်ဖောက်၊ လိင်အင်္ဂါဖောက်ထွင်းပြီး အလှဆင်ကြသူတွေသုံးတဲ့ အပ်မသန့်တဲ့ အခါမှာလည်း ကူးစက်နိုင်ပါတယ်။ ယခု ခေတ်လူတွေ စိတ်ဝင် စားလာကြတဲ့ မျက်ခုံးမွှေးတက်တူးထိုးခြင်း မျက်နှာသွယ်အောင် ကြိုးထိုးခြင်း Botox Filler မျက်နှာပြုပြင်ခြင်း မက်ကလောင်ခြစ်ခြင်း မက်ကလောက် ဖောက်ခြင်း တွေကိုလုပ်တဲ့အခါ စနစ်တကျပိုးသတ်ခြင်း မလုပ်ပါက ကူးစက်စရာ အခြေအနေတွေ ဖြစ်ပါတယ်။

HIV ပိုးသယ်ဆောင်ထားသူသွေးကို ထိတွေ့စဉ် ကူးစက်တက်ပါတယ်။ သွေးသွင်းစဉ် ဆေးထိုးအပ်စူးမိစဉ် ကူးစက်နိုင်ပါတယ်။ မိခင်မှသန္ဓေသားကိုလည်း ကူးစက် တတ်ပါတယ်။

ဘယ်သူမဆို ရောဂါကူးစက်နိုင်တဲ့အပြုအမူတွေ လုပ်မိပြီဆိုပါက HIV ပိုးကူးစက်နိုင်မှာ ဖြစ်တာကြောင့် LGBTQ+ များက HIV ရောဂါပိုပြီးဖြစ်တယ်ဆိုတဲ့ အတွေး သံသယ‌ တွေလည်း ရှင်းလင်း‌သွားမှာပါ။

#HIVကိုဘယ်လိုကာကွယ်ကြမလဲ

အခုလို HIV ကူးစက်နိုင်တဲ့ နည်းလမ်းတွေကို သိသွားတဲ့အခါ ကာကွယ်ဖို့ အတွက် နည်းလမ်းတွေကို ပြည်သူလူထုက သိဖို့လိုအပ်လာပါတယ်။

Safe Sex Behaviour အန္တရာယ်ကင်းတဲ့မျိုး ဆက်ပွားနည်းလမ်းအသွယ်သွယ်ကို သိထား ကြရပါမယ်။ ကွန်ဒုံး (လိင်အကာအကွယ်ပစ္စည်း) စနစ်တကျသုံးရပါမယ်။

#ကာကွယ်နိုင်တဲ့ဆေးဝါးများ

PrE P (Pre-Exposure Prophylaxis) ဆေးဝါး သောက်ပြီး HIV မကူးစက်စေဖို့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ PrE P ဆေးဝါးသောက်ပြီး HIV ရောဂါကူးစက်နိုင်ခြေကို လျော့ချနိုင်ပါတယ်။

HIV ကူးစက်ခံထားရသူများ အတွက်လည်း ART လို့ခေါ်တဲ့ HIV ‌ရောဂါပိုး ကုသဆေးဝါးနဲ့ စနစ်တကျ ကုသလို့ရနေပါပြီ။ ကမ္ဘာပေါ်မှာ HIV ကူးစက်ခံရခြင်းက အစိုးရိမ်ရဆုံး ကြောက်စရာအကောင်းဆုံးရောဂါတစ်ခုမဟုတ်တော့ပါဘူး။ ကမ္ဘာပေါ်မှာ ဆယ်စုနှစ်သုံးခုအတွင်း ရောဂါကိုအကောင်းဆုံးအခြေအနေဖြင့် ထိန်းချုပ်နိုင်နေပြီ ဖြစ်ပါတယ်။

#မြန်မာနိုင်ငံနဲ့ HIV-AIDS

အကြမ်းဖက် စစ်ကောင်စီ‌ရဲ့ နိုင်ငံကို ဖျက်ဆီးမှုကြောင့် ယိုင်နဲ့ချို့ယွင်း သွားတဲ့ ကျန်းမာရေးစနစ်‌မှာ HIV ပိုးကူးစက်ခံရသူ‌လူနာအသစ်တွေ၊ ရောဂါကြောင့် သေဆုံးသွားရသူတွေကတော့ ယခင်ကာလများထက် ပိုမိုများပြားနေလိမ့်မယ် ဆိုတာကတော့ အသေအချာပဲဖြစ်ပါတယ်။

စစ်ကြောရေးမှာ လူမဆန်စွာ ဖိနှိပ်အနိုင်ကျင့် နှိပ်စက်ခံရသူတွေ၊ ထောင်တွင်း အကျဉ်းချ ခံထားရသူတွေထဲမှာလည်း HIV ကူးစက်ခံထားရသူများ ရှိနေပါတယ်။ သူတို့တွေဟာ လက်ရှိအချိန်မှာတော့ ဆေးဝါးကုသခွင့် ခက်ခဲပြီး ART ဆေးဝါးမရရှိဘဲ ဆေးပြတ် လပ်တဲ့ ဒုက္ခတွေကို ခံစားနေရပါတယ်။

စစ်ကောင်စီက သွားလာခွင့်ပိတ်ပင်ထားတဲ့အပြင် ကုန်စည်ပို့ဆောင်မှု ဖြတ်တောက် ခံထားရတဲ့ မြို့ပြတွေမှာလည်း HIV ဝေဒနာရှင်တွေဟာ ဆေးဝါးပြတ်တောက်မှုကို ခံစား‌နေရပါတယ်။ စစ်ဖြစ်ရာဒေသတွေမှာရှိတဲ့ စစ်ရှောင်တွေဟာလည်း ART ဆေးဝါး ပြတ်တောက်မှုကို ခံစားနေရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ HIV -AIDS ကာကွယ်တိုက်ဖျက်ရေးအတွက် ကြီးမားတဲ့ သက်ရောက်မှုတွေရှိနေတယ် ဆိုတဲ့အကြောင်း ကိုတော့ ယခုကြုံနေရတဲ့ ခေတ်ကိုပြသပြီး မှတ်တမ်းတင်ခဲ့ပါရစေ။

နောက်တစ်ပါတ်မှာတော့ စစ်ဘေးအတွင်း ကလေးငယ်များအာဟာရမပြည့်ဝခြင်း ဆောင်းပါးလေးဖော်ပြပေးမှာ ဖြစ်တာကြောင့် စောင့်မျှော်အားဖတ်ရှုပေးကြပါ။ Ayeyarwaddy Times ပရိသတ်များအားလုံးလည်း ဘေးကင်းကျန်းမာကြပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ပြည်သူပူးပေါင်းဦးဆောင်လို့AIDSတိုက်ဖျက်စို့ #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)