
ဇလပ်ဖြူ / ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ ခရစ်ယာန်သင်းအုပ် ဆရာ တစ်ဦး၏ နေအိမ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ရက် ညနေ ၃နာရီ ၃၀ မိနစ်ခန့်တွင် PDF အယောင်ဆောင်ထားသည့် အမျိုးသားလေးဦးက ဝင်ရောက်လုယက် ဓားပြတိုက်ခဲ့၍ တန်ဖိုး သိန်း ၇၀ ကျော်ခန့် ဆုံးရှုံးခဲ့ရကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။
လုယက်သူများသည် အသက် ၃၀ကျော်အရွယ်များဖြစ်ကြပြီး MA သေနတ်တစ်လက်၊ ဓားသုံး ချောင်းကိုင်ဆောင်ကာသင်းအုပ်ဆရာကို စစ်ကောင်စီနှင့် ပူးပေါင်းနေသည်ဟု စွပ်စွဲ၍ ရိုက်နှက်စစ်ဆေးခဲ့သည်။
ထို့နောက် နေအိမ်အတွင်း မွှေနှောက်၍ ရွှေဆွဲကြိုး တစ်ကျပ်သား နှစ်ကုံး၊ ရွှေလက်စွပ် နှစ်ကွင်း၊ ဘေးအိမ်မှ အမျိုးသမီးတစ်ဦး၏ နားကပ်အပါဝင် စုစုပေါင်း နားကပ်ငါးကွင်း၊ Tablet တစ်လုံးနှင့် လက်ကိုင်ဖုန်းသုံးလုံး၊ One Ten အမျိုးအစား ဆိုင်ကယ်တစ်စီးနှင့် ခရစ်ယာန်ဘုရားကျောင်းပိုင် ဆယ်ဖို့တစ်ဖို့အလှူငွေ အပါအဝင် ငွေသား သိန်း၃၀ ကျပ်၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၇၀ ကျော်ခန့်ကို လုယက်ယူဆောင်သွားကြောင်း ဒေသခံများ ထံက သိရသည်။
“စုစုပေါင်း မိနစ်၄၀ လောက်ကြာမယ်ထင်တယ်။ ငါတို့က တတိုင်းပြည်လုံးလွတ်မြောက်ဖို့အတွက် တော်လှန်ရေးလုပ်နေတာ။ မင်းက ငါတို့ကို မထောက်ပံ့တဲ့အပြင် စစ်ခွေးတွေနဲ့ ပေါင်းနေတယ်ဆိုပြီး သင်းအုပ်ဆရာကို တဖြန်းဖြန်းနဲ့ ရိုက်တယ်။ ပြီးတော့ တစ်အိမ်လုံးကိုမွှေပြီး တန်ဖိုးကြီးပစ္စည်းရှိတာ အကုန်ယူတယ်။ ဆရာတော်က နည်းနည်းတော့ ချန်ထားပေးပါဗျာ ဆိုပြီး ငိုပြောတာကို လျှာမရှည်နဲ့ဆိုပြီး ပါးတွေထပ်ရိုက်တယ်။ ကျွန်မထင်တာတော့ ပျူတွေပဲဖြစ်မှာ။ ကျွန်မတို့ရပ်ကွက်က စစ်တပ်တွေ အများကြီးကို ဘယ် PDF က လာရဲမှာလဲ” ဟု အခင်းဖြစ်ပုံကို မျက်မြင်တွေ့ရှိခဲ့သည့် ချမ်းမြေ့အောင် စည် ရပ်ကွက်နေ သင်းအုပ်ဆရာနှင့်ရင်းနှီးသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ချမ်းမြေ့အောင်စည်ရပ်ကွက်သည် ၂၂၈-တပ်ရင်း၊ ၆၄၄ အမြောက်တပ်နှင့် GE-941 တပ်တို့ အထိုင်ချထားသည့် စစ်ကောင်စီတပ်ရင်းအများဆုံး ရပ်ကွက်ကြီးတစ်ခုဖြစ်ပြီး လမ်းသွားလမ်းလာများကို ပျူစောထီးတပ်များက မကြာခဏစစ်ဆေး၍ ငွေတောင်းခံရာ နေရာဖြစ်ကြောင်း ရပ်ကွက်နေသူများထံက သိရသည်။
“အခုနောက်ပိုင်း ကလေးမြို့ထဲက စစ်ကောင်စီတပ်တွေရှိတဲ့နေရာတွေမှာ ဓားပြမှုတွေ၊ လုယက်မှုတွေ ပိုပိုများလာတာ အားလုံးသတိထားမိမှာပါ။ ကုန်လမ်း၊ ရေလမ်း တော်တော်များများကိုတော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထား တာဖြစ်တဲ့ အတွက် ဒီကောင်တွေမှာ ရိက္ခာပြတ်နေကြပြီ။ အဲ့တော့ အနီးဆုံးနေရာမှာရှိတဲ့ ပြည်သူလုထုဆီကနေ အကြောင်းအမျိုးမျိုးပြ တောင်းတယ်။ အနုနည်းနဲ့မတောင်း တတ်တဲ့အဆုံး PDF အယောင်ဆောင်ပြီး တစ်ချက်ခုတ်နှစ်ချက်ပြတ်ပုံစံနဲ့ သူတို့လည်း ရိက္ခာရ၊ PDF တွေကိုလည်း ပြည်သူတွေမုန်းအောင်ဆိုပြီး လုပ်တာပေါ့။ ခက်တာက သူတို့အကွက်တွေက ကလေးကလားဆန်နေတာပဲ” ဟု ကလေးမြို့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကလေးမြို့၊ ချမ်းမြေ့အောင် စည်ရပ်ကွက်ထဲတွင် ပြီးခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းက PDF အယောင်ဆောင်ကာ ဓားပြမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း ကာလအတွင်း ပြည်သူ့စစ်အမည်ခံ ပျုစောထီးနှင့် စစ်ကောင်စီတပ်များ အထိုင်ချရာနေရာများ၌ အလားတူဖြစ်စဥ်များ အကြိမ် ၂၀ ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ကလေးမြို့ ဒေသခံများထံက သိရသည်။
လက်ရှိ ကလေးမြို့နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး တပ်များ အထိုင်ချထားသည့် စစ်တပ်စခန်းခြောက်ခုထက် မနည်းကို တိုင်းရင်းသား လက်နက်ကိုင်များနှင့် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့များက သိမ်းယူထားကြောင်း သိရသည်။
#ကလေးမြို့ #ခရစ်ယာန်သင်းအုပ်ဆရာ #PDFအယောင်ဆောင်ထားသူများ #ဝင်ရောက်လုယက် #ကျပ်သိန်း၇၀ကျော်ဆုံးရှုံး #Ayeyarwaddy_Times