
ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်မှုမရှိတော့ဘဲ ပြည်သူ့အုပ်ချုပ်ရေးစတင်ပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ထားသည်။
ကောလင်းမြို့ကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များမှ အမှတ် (၁) စစ်ဒေသ၏ ကွပ်ကဲမှုဖြင့် ပြီးခဲ့သည့် နို၀င်ဘာ ၆ ရက်နေ့က ပြန်လည်တိုက်ခိုက်သိမ်း ပိုက်ရယူနိုင်ခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့တွင် ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီဖြစ်ကြောင်း ကြေညာထား သည်။
ကောလင်းမြို့နယ်သည် ခရိုင်အဆင့် အစိုးရဌာနများ ရုံးစိုက်ရာ မြို့ဖြစ်သည်နှင့်အညီ NUG ၏ ၀န်ကြီးဌာန အသီးသီးကလည်း သက်ဆိုင်ရာ၀န်ကြီးဌာနရုံးများ ပြန်လည် လည်ပတ်နိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိပြီး မြို့သိမ်းပြီးနောက် ရပ်ကျေးနှင့် တိုက်နယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ကာ အဆင့်ဆင့်စီမံကွပ်ကဲမှု အားကောင်းစေရေး ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ကောလင်းနေပြည်သူများကို ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံ ခြုံရေးအဖွဲ့ (ပလဖ)နှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့ ပေါင်းစပ်၍ စည်းသုံးစည်းဖြင့် တာ၀န်ယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ဆရာ၀န်၊ သူနာပြုဆရာမ၊ အခြေခံကျန်းမာရေး၀န်ထမ်း၊ စေတနာ့၀န်ထမ်း ၆၅ ဦးပါ၀င်သည့် မြို့နယ် ကျန်းမာရေးအဖွဲ့ မှ လုံခြုံသောနေရာများတွင် အရေးပေါ်ကုသမှုများ ပြုလုပ် ပေးနေပြီး မြို့တွင်းသို့ ပြန်လည်၀င်ရောက်လိုပါက ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးနေကြောင်း ဆိုထားသည်။
လက်ရှိတွင် စစ်ဘေးရှောင် ခန့်မှန်းအရေအတွက် တစ်သောင်း(၁၀,၀၀၀)ကျော်ရှိနေပြီး ၎င်းတို့ကို စီမံခန့်ခွဲရေး၀န်ကြီးဌာနမှ အခြေခံစားသောက်ကုန်များ ဖြန့်ခွဲထောက်ပံ့ ပေးထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီမှ ဖမ်းဆီးထားသည့် ကောလင်းမြို့မရဲ စခန်းအချုပ်တွင် ချုပ်ခံထားရသည့် အချုပ်သား ၉၈ ဦးအနက်မှ မတရားဖမ်းဆီးခံထားရသူ ၆၃ ဦးကိုလုပ် ထုံးလုပ်နည်း များနှင့်အညီ စိစစ်၍ပြန်လွှတ်ပေးခဲ့ပြီး ကျန်ရှိအချုပ်သားများကို ဥပဒေနှင့်အညီ တရားရုံးများ ဖွင့်ကာသင့်တော်သည့် တရားသူကြီးများဖြင့်စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကောလင်းမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးစတင်မှုနှင့်အတူ ကောလင်းမြို့မှ CDM ပြုလုပ်သည့် နိုင်ငံ့၀န်ထမ်းများအပြင် အခြားမြို့မှ CDM ပြုလုပ်သည့်၀န် ထမ်းများပါ ပြန်လည်တာ၀န်ထမ်းဆောင်နေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ-ကောလင်းမြို့တွင် လွှင့်ထူထားသည့် ပြည်သူ့တော်လှန်ရေး အလံတော်ကို တွေ့ရစဉ်
#စစ်ကိုင်း #ကောလင်း #ပြည်သူ့အုပ်ချုပ်ရေးစတင် #CDM၀န်ထမ်းများ #တာ၀န်ထမ်းဆောင် #NUG #Ayeyarwaddy_Times