
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ဟာ ၂၂ လမြောက် ရှိလာချိန်မှာ တပ်ဖွဲ့ဝင်အင်အား ၁၇၀၀၀၀ တိုးမြှင့်ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က စစ်တပ်ကို အမိန့်ပေးလိုက်ပါတယ်။
တပ်ဖွဲ့ဝင်သစ်တွေ ထပ်မံဖြည့်တင်းတာကြောင့် ရုရှားစစ်တပ်မှာ အမြဲတမ်းတပ်ဖွဲ့ဝင် ၁ ဒသမ ၃၂ သန်း အပါအဝင် စုစုပေါင်း တပ်ဖွဲ့ဝင် ၂ ဒသမ ၂ သန်းကျော် ရှိလာမယ်လို့ ရုရှားသမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါ တယ်။
တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်တာဟာ ယူကရိန်းစစ်ပွဲနဲ့ နေတိုးအဖွဲ့ အင်အားတိုးချဲ့မှု အပါအဝင် ရုရှားနိုင်ငံ အပေါ် ခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန်ဖို့ဖြစ်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တပ်ဖွဲ့ဝင်သစ်တွေကို တပ်သားသစ်စုဆောင်းရေး အစီအစဉ်တစ်ခုအရ အဆင့်ဆင့် အကောင်အထည် ဖော်ဆောင်မှာဖြစ်ပြီး စစ်မှုထမ်းဉပဒေ သို့မဟုတ် စစ်မှုထမ်းဆင့်ခေါ်မယ့် အစီအစဉ်တွေ မရှိဘူးလို့ ရုရှားသမ္မတ ရုံးက ဆိုပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းကို အင်အားပြည့် ကျူးကျော်တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် သမ္မတ ဗလာဒီမာပူ တင်က ရုရှားစစ်တပ်ကို ဒုတိယအကြိမ် အင်အားတိုးချဲ့တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမတိုင်မီ တပ်ဖွဲ့ဝင်သစ် ၁၃၇၀၀၀ အင်အားတိုးမြှင့်ဖို့ ပူတင်က ၂၀၂၂ ခုနှစ်၊ ဩ ဂုတ်လအတွင်း အမိန့်ထုတ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ သဘောတူညီချက်အရ ရုရှားစစ်တပ်အတွက် တပ်ဖွဲ့ဝင် ၄၅၂၀၀၀ လူသစ်စုဆောင်းခဲ့တယ်လို့ ရုရှားသမ္မတဟောင်းနဲ့ လက်ရှိ ရုရှား လုံခြုံရေးကောင်စီ ဒုတိယ ဉက္ကဌ ဒီမီထရီမတ်ဗီဒတ်ဗ်က ပြောပါတယ်။
ရုရှားစစ်တပ်မှာ ထိခိုက်ကျဆုံးမှု မြင့်တက်နေတယ်လို့ သိရပါတယ်။ ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်ဖွဲ့ဝင် ၆၀၀၀ နီးပါး ကျဆုံးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုအီဂူက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြောကြားခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့ရဲ့ ထိခိုက်သေဆုံးမှုက ဒီထက်ပိုများတယ်လို့ အနောက်နိုင်ငံ ထောက်လှမ်းရေးတွေက ပြော ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ရုရှားတပ်ဖွဲ့ဝင် ၁၅၀၀၀၀ မှ ၁၉၀၀၀၀ ထိခိုက်သေဆုံးခဲ့တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ကိုးကား – CNN
Ref; Russia to boost size of army by 15% to 1.32 million