ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့ရှိ မြို့ပြင်ရပ်ကွက်နေရာများ၌ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) နှင့် ဟင်္သာတအခြေစိုက် ခလရ-၁၈မှ တပ် အရာရှိမိသားစု ၁၅ စုထက်မနည်း ပြီးခဲ့သည့်ဒီဇင်ဘာလ၁ရက်နေ့က စပြီး လာရောက် တိမ်းရှောင်မှုများ ရှိလာကြောင်းမြို့ခံများနှင့် တပ်တွင်းသတင်းအရင်းအမြစ်ထံက သိရသည်။

မော်လမြိုင်ကျွန်းမြို့ရှိ မြို့ပြင်ရပ်ကွက်ဖြစ်သည့် အမှတ်(၁၃)ရပ်ကွက် နေရာသို့ ပုသိမ်မြို့အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်ကြီးအဆင့်ရှိ တပ်မိသားစု ၁၀ စုမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့၌ အိမ်ပြောင်းအရွှေ့ပြုလုပ်ခဲ့ကြောင်း မြို့ခံများထံက သိရသည်။

” ၁ရက် နေ့ကတည်းက စစ်ကားတွေနဲ့ ရောက်လာတာ။ ပြောတာတော့ လာရှောင်ကြတာလို့ သိရတာပါပဲ။ ဗိုလ်ကြီးအဆင့်ရှိသူတွေလို့တော့ကြားတယ်” ဟုအမှတ်(၁၃) ရပ်ကွက် အတွင်း နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင်ဟင်္သာတအခြေစိုက်ခလရ-၁၈မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်ရှိ တပ်မိသားစု ငါးစု ထက်မနည်းမှာ မြို့အပြင်ရှိအမှတ်(၁၂)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်နေရာသို့ လျို့ ဝှက်ပြောင်းရွှေ့မှုများ ရှိကြောင်း သိရသည်။

“တပ်ရင်းမှူးကိုပါ အသိမပေးရှောင်ကြတာ။ အခုမော်ကျွန်းမှာ လာရှောင်နေကြတယ်။ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိတဲ့ မိသားစုတွေအကုန်ပြောင်းသွားတယ်။ ကြိုပြိးအိမ်ဝယ် ထားလားတော့မပြောတတ်ဘူး” ဟု ခလရ-၁၈နှင့် နီးစပ်သည့် တပ်တွင်းသတင်းအရင်း အမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်းအချို့၌ ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ရက်မှ စတင်ပြီး တပ်အရာရှိကြီးပိုင်း မိသားစုဝင်အများစုမှာ တပ်တွင်းမှ တိတ်တဆိတ်ထွက်ခွာ၍ မြို့တွင်းနေရာအချို့၌ နေအိမ်ဝယ်ယူကာ ပြောင်းရွှေ့မှုများ ရှိကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံက စုံစမ်းသိရသည်။

#မော်လမြိုင်ကျွန်းမြို့ #ပုသိမ်နှင့်ဟင်္သာတအခြေစိုက် #စစ်ကောင်စီတပ် #အရာရှိမိသားစု #၁၅စုထက်မနည်းတိမ်းရှောင် #Ayeyarwaddy_Times