
ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်းကြမ်းမြို့နယ် တိုက်ပွဲတွင် လက်နက်ချ အညံ့ခံခြင်းမရှိဘဲ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်.(စကခ-၁၆) မှူး ဦး ဆောင်ကာ အင်အား ၁၀၀ ကျော်ဖြင့် ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ် လိုက်လံ တိုက်ခိုက်ခံရပြီးနောက် တပ်ဖွဲ့၀င် ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း ဒီဇင်ဘာ ၂ ရက်နေ့ တွင် ကိုးကန့်တပ်မတော် (MNDAA) ကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နို၀င်ဘာ ၂၈ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို MNDAA မှ တိုက်ခိုက်သိမ်းပိုက်ရာတွင် ယင်းနေရာ၌ တပ်စွဲထားသည့် ခလရ ၁၂၅ တပ်ရင်း တစ်ခုလုံး လက်နက်ချခဲ့သည်။
ခလရ-၁၂၅ တပ်ရင်းတစ်ခုလုံး လက်နက်ချအလင်းဝင်ခဲ့သော်လည်း စကခ-၁၆ မှူးအပါအ၀င် စစ်ကောင်စီတပ်သား ၁၀၀ ကျော်သည် ပူးပေါင်းခြင်းမရှိဘဲ စခန်းမှ ထွက်ပြေးသွား၍ လိုက်လံရှင်းလင်းပစ်ခတ်ခဲ့ရကြောင်း သိရသည်။
ကုန်းကြမ်းမှ နို၀င်ဘာ ၂၇ ရက်နေ့တွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို MNDAA တပ်ဖွဲ့မှ နို၀င်ဘာ ၂၉ ရက်နေ့တွင် ပိတ်ဆို့ခဲ့ရာ ကျန်ရှိသည့် တပ်သားများနှင့် သွားရောက်ပူးပေါင်းခဲ့ပြီး အင်အား ၂၈၀ ကျော်အထိရှိလာ၍ ရှီရှမ်းဒေသ ရှောက်ကိုင် အုပ်စု၊ ၀ကြည်ကျိုင့်ရွာနှင့် စူကြာကျိုင့်ရွာအနီး တောင်ကုန်းအောက်ခြေသို့ စုစည်းပုန်းအောင်းရန် ရောက်ရှိလာခဲ့ကြောင်းသိရသည်။
ထို့ကြောင့် နို၀င်ဘာ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ၀န်းကျင်ခန့်မှ စတင်၍ ဒီဇင်ဘာ ၁ ရက်နေ့ထိ တိုက်ခိုက်ခဲ့ရာ ၂ ရက်တာအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေ ဆုံးခဲ့ကြောင်း သိရသည်။
လက်နက်ချသူများကို ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ကြေညာချက်အတိုင်း ကောင်းမွန်စွာ ဆက်ဆံ၍ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရလူနာများကိုမူ ဆေးကုသမှုများ လုပ်ဆောင်ပေးမည်ဖြစ်သော်လည်း ပေကပ်ခေါင်းမာ၍ လက်နက်ကိုင်တုံ့ပြန်နေသည့် အကြွင်းအကျန်များကိုမူ ပြင်းပြင်း ထန်ထန်အမြစ်ပြတ် ချေမှုန်း သွားဖြစ်ကြောင်း MNDAA ရှေ့တန်းအရာရှိက ဆိုထားသည်။
ထိုသို့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများထံမှ လက်နက်များအပြင် မူးယစ်ဆေးဝါးများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။
#လက်နက်ချအညံ့ခံ #စကခ၁၆မှူး #စစ်ကောင်စီတပ်သား၁၀၀ကျော်သေဆုံး #Ayeyarwaddy_Times