
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ရက်
ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင် ည ၈ နာရီမှစကာ မြို့အဝင်ထွက် ဂိတ်နှင့် လမ်းအချို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လူအဝင်ထွက်ကို စစ်ဆေးနေကြောင်း ဒေသခံများခံမှသိရသည်။
နိုဝင်ဘာလကုန်မှစ၍ မြို့အဝင်အထွက် တံတားဂိတ်နှင့် မြို့တွင်းရှိ လမ်းအချို့ တွင် သွားလာနေသော ဆိုင်ကယ်များအား စစ်ကောင်စီတပ်ဖွဲ့မှ စစ်ဆေးနေသဖြင့် ညအချိန်သွားလာရာတွင် အခက်ခဲရှိနေကြကြောင်း ဒေသခံများကဆိုသည်။
“စစ်တာက အရင်ဆို ညပိုင်းကို ပတ်ကင်းလောက်ပဲရှိတာ အခုက ည ၈နာရီဆို မြောင်းမြတံတားထိပ်က တိုးဂိတ်မှာ စောင့်ပြီး မြို့ထဲဝင်လာတဲ့သူတွေကိုစစ်တယ်။ မြို့ထဲက လမ်းတွေမှာလည်း စစ်နေတာတွေ့ရတယ် အရင်က ၉နာရီ ၁၀ နာရီလောက်မှ ကင်းလှည့်တာမျိုးလုပ်ပေမယ့် အခုက အထိုင်ချစစ်နေတာရော ကင်းပတ်တာရော လုပ်နေကြတယ်”ဟု မြောင်းမြမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မြောင်းမြမြို့တွင် နိုဝင်ဘာလလယ်မှ စပြီး ဧည့်စာရင်းစစ်ဆေးမှုများ တင်းကျပ်လာပြီး ရပ်ကွက်များအတွင်း ရှောင်တခင်ဝင်ရောက်စစ်ဆေးကာ ဖုန်းများကိုပါစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။
“နိုဝင်ဘာလထဲမှာ ဧည့်စာရင်း စစ်တာတွေ ပိုပြီးလုပ်လာတယ်။ သူတို့ မသက်ာရင် ဝင်စစ်တဲ့အိမ်က ဖုန်းတွေပါယူစစ်တယ်။ တစ်ခုခုဆို ဖမ်းမယ် ငွေညှစ်မယ် ဒါပဲလုပ်နေကြတာ။ အုပ်ချုပ်ရေးမှူးတွေကိုပါ ဖိအားပေးပြီး ဧည့်စာရင်းစစ်ဖို့ ပြေားထားတယ်လို့ကြားတယ် “ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီအနေဖြင့် ဧရာဝတီတိုင်းရှိမြို့နယ်အချို့တွင် လုံခြုံးရေ လျော့ချထားပြီး ခရိုင်မြို့များတွင်သာ စစ်ဆေးရေးပိုမိုလုပ်ဆောင်နေကြောင်း ဒေသတွင်းသရင်းမြစ်များထံမှသိရသည်။
#ဧရာဝတီတိုင်း #မြောင်းမြ #ဧည့်စာရင်းစစ် #ခရိုင်မြို့များကို #စစ်ဆေးရေးပိုလုပ် #Ayeyarwaddy_Times