ဧရာဝတီတိုင်းမ်
(မော်လမြိုင်မြို့)၊ ဒီဇင်ဘာ ၂ ရက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ်ဝန်ကြီးချုပ်နေအိမ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေထိုင်ရာ အိမ်နှင့် အခြားစစ်ရေးပစ်မှတ် များဖြစ်သည့် အရာရှိနေအိမ်များကို ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့၊ ည ၉ နာရီဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးများအိမ်ရာရှိ ဝန်ကြီးချုပ်နေထိုင်ရာအိမ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းရှိ စစ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း လျှို့ဝှက်နေထိုင်သည့်အိမ်၊ ရဲတပ်ရင်း ၁၅ တပ်ရင်းမှူးနေထိုင်သည့်အိမ်နှင့် ရဟတ်ယာဉ်ဖြင့်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည့် ပိုင့်လော့ များနေထိုင်ရာ နေရာများကို Kamikaze Drone များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဝန်ကြီးအိမ်ရာက ဒရုန်းဂျန်မာ(Jammer) တွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့အချိန်မရွေးတိုးဝင်ပြီး ဖောက်ခွဲပစ်နိုင်တယ်။ ပြောချင်တာက သူတို့ ဘာတေပဲတပ်ထားထား ဘယ်နေရာမှာပဲ ပုန်းနေနေ ကျွန်တော်တို့ ရောက်အောင်သွားနိုင်တယ်။” ဟု ဒရုန်းတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် Alpha Bats တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မွန်ပြည်နယ်ဝန်ကြီးချုပ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း စစ်ကောင်စီလက်ဝေခံ သတင်းမီဒီယာများတွင်မူ ယနေ့ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းမှာ ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြောင်း ဖော်ပြထားကြသည်။
“အသံတွေကြားနေရတာ နှစ်ရက်ရှိပြီ။ အကျယ်ကြီးပဲ။ အိမ်ပါတုန်တယ်။ ညကပေါက်ကွဲမှုအပြီး ခဏကြာတော့ ရတခ ဝန်းထဲကို လူနာတင်ယာဉ်တွေ တော့ ဝင်သွားတယ်။ ညက တစ်မြို့လုံးပွဲဆူသွားတယ်။ မီးတွေဖြတ်ပစ်တယ်။ အနီးကပ်ဝင်ပစ်တယ်ထင်ပြီး မြို့ထဲကိုလည်း လိုက်ရှာကြတယ်။” ဟု မော်လမြိုင် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဒရုန်းဖြင့်တိုက်ခိုက်မှုကို မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့(Alpha Bats Drone Force တပ်ခွဲ)၊ KNDO တပ်ရင်း-၆ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းလည်း သိရသည်။
မော်လမြိုင်မြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းသို့ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီးအပါအဝင် အရာရှိများထိခိုက်ဒဏ်ရာရခဲ့ပြီး တပ်ဖွဲ့ဝင် နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း Alpha Bats အဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ယက်။
#မွန်ပြည်နယ်ဝန်ကြီးချုပ် #ဦးအောင်ကြည်သိန်း #အရှေ့တောင်တိုင်းစစ်ဌာနချုပ် #တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း #Ayeyarwaddy_Times