စစ်ခေါင်းဆောင်က ရုရှားထက် တရုတ်ကို အဆင့်နိမ့် ဆက်ဆံသလား
(သတင်းသုံးသပ်ချက်)

နိုင်မင်းလွင်/ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်

တရုတ်စစ်ရေယာဉ် ရောက်ရှိလာချိန်တွင် စစ်ခေါင်းဆောင် နှင့် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့ မကြိုဆိုခြင်းသည် စစ်ကောင်စီအနေဖြင့် တရုတ်ကို ရုရှားထက် အဆင့်နိမ့် ဆက်ဆံနေပြီလားဟု သုံးသပ်သူများကြားတွင် ပြောဆိုဝေဖန်မှုများ ရှိနေကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းက မြန်မာရေတပ်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်ရန် ရုရှားရေတပ်မှ စစ်သား ၈၀၀ ခန့်နှင့် စစ်သင်္ဘောများ ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့ရာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ကောင်စီခန့် ရေတပ်ကာချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်တို့က ကြိုဆိုကာ သီးခြားတွေ့ဆုံခဲ့သည်။ သို့ရာတွင် တရုတ်ရေတပ်ရောက်ရှိလာချိန်တွင် စစ်ခေါင်းဆောင်က ကြိုဆိုနှုတ်ဆက်ခြင်းမရှိသည့်အတွက် နှိုင်းယှဉ်သုံးသပ်နေကြခြင်းလည်း ဖြစ်သည်။

ပထမဆုံးအကြိမ် မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းကို တင်္နသာရီတိုင်း၊ မြိတ်မြို့၏ အနောက်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာတွင် စစ်ကောင်စီ ရေတပ်နှင့် ပူးတွဲ၍ သုံး ရက်တာ ပြုလုပ်ခဲ့သည်။ အလားတူ နိုဝင်ဘာ လကုန်ပိုင်းတွင်လည်း အိမ်နီချင်း တရုတ်နိုင်ငံမှ ရေတပ်သင်္ဘောများသည် စစ်သည်အင်အား ၇၀၀ ကျော် ကို တင်ဆောင်၍ မြန်မာရေတပ်နှင့်အတူ ပူးတွဲစစ်ရေး လေ့ကျင့်ရန် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြပြန်သည်။

သို့သော် တရုတ်ရေတပ် သင်္ဘောများကိုမူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် စစ်ကောင်စီခန့် ရေတပ်ကာချုပ် မိုးအောင်အပါအဝင် နေပြည်တော်မှ ထိပ်တန်းအဆင့် မြန်မာစစ်ခေါင်းဆောင်များက လာရောက်ကြိုဆိုခဲ့ခြင်း မရှိခဲ့ချေ။

“ရုရှားက လာတုန်းက (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ကိုယ်တိုင် ထွက်ပြီးတော့ ဖက်လဲတကင်း ကြိုဆိုတယ်။ အခုကတော့ ထိပ်သီးခေါင်းဆောင်ပိုင်းက မပါဘူးဆိုတဲ့ အခါကျတော့ တရုတ်အပေါ်မှာ စစ်ကောင်စီရဲ့ သဘောထားဟာ ပြောင်းလဲချင်နေပြီဆိုတဲ့ အမှတ်လက္ခဏာလို့ ကျွန်တော်တို့က ယူဆပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

ထိုအရာနှင့် တူညီသည့် တုံ့ပြန်မှုများကို မကြာခင် တရုတ်ဘက်က လုပ်လာလိမ့်မည်ဟုလည်း မျှော်လင့်ကြောင်း ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရုရှားရေတပ်လာရောက်ချိန်တွင် စစ်ခေါင်းဆောင်နှင့်အဖွဲ့ ကိုယ်တိုင်ကြိုဆိုခဲ့သော်လည်း တရုတ်ရေတပ်လာရောက်ချိန်တွင် ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ရေတပ်မှ အရာရှိကြီးများသာ ကြိုဆိုခဲ့သည်။
ယင်းအခြေအနေသည် မြန်မာစစ်ကောင်စီအနေဖြင့် အိမ်နီးချင်း စူပါပါဝါ တရုတ်နိုင်ငံကို ရုရှားနိုင်ငံကဲ့သို့ တန်းတူထား မဆက်ဆံဘဲ သံတမန်ရေးအရ အဆင့်နှိမ့်၍ ဆက်ဆံခြင်းလားဟု မေးခွန်းထုတ်စရာရှိနေသည်။

“အခုရက်ပိုင်းအတွင်း တရုတ်-မြန်မာ ဆက်ဆံရေးကတော့ အခြေအနေ သိပ်မကောင်းပါဘူး။ ဒါက သိသာပါတယ်။ ရှမ်းမြောက်စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး တရုတ်ဘက်က အားပေးတယ်ဆိုတဲ့အမြင်မျိုး စစ်ကောင်စီမှာရှိပြီးတော့ တရုတ်သံရုံးအရှေ့မှာ တရုတ်ဆန့်ကျင်ရေး အမျိုးသားရေး ကြွေးကြော်သံတွေ သွားပြီးတော့ ဆန္ဒပြခဲ့တဲ့အပေါ်မှာ တရုတ်က ဒီဟာနဲ့ ပက်သက်လို့ ဘယ်လိုမှ သဘောကျနိုင်စရာ မရှိပါဘူး” ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။

အဆိုပါပူးတွဲစစ်ရေးသည် နှစ်စဉ်လုပ်နေကျ အစီအစဉ် ဖြစ်သောကြောင့် မူလအစီအစဉ်အတိုင်း လုပ်ဆောင်ခြင်းဖြစ်ပြီး ထိုအပေါ် စစ်ကောင်စီဘက်က အလေးမထားသည့်ပုံစံ ဆက်ဆံလိုက်ခြင်းဟု သုံးသပ်မှုများလည်း ရှိသည်။

“အခုကျားဖြန့် ကိစ္စတို့ဘာတို့၊ ရှမ်းမြောက်စစ်ဆင်ရေးတို့က လတ်တလော ပေါ်ပေါက်လာတဲ့ ကိစ္စပေါ့။ ဒီနှစ်ခုက စပ်ဆက်မှုလည်း ရှိတယ်၊ မရှိဘူးလို့လည်း ပြောလို့ရပါတယ်။ စပ်ဆက်မှု ရှိတယ်ဆိုတာက မြန်မာပြည်အရေးကို သူတို့က (တရုတ်) နည်းလမ်းပေါင်းစုံနဲ့ ဝင်ဖို့ကြိုးစားနေတာ ဖြစ်တယ်။ အဲဒါကြောင့် စပ်ဆက်မှု ရှိတယ်လို့ ပြောတာ။ မစပ်ဆက်ဘူး ဆိုတာက ဒါအရင်ကတည်းက စီစဉ်ထားတဲ့ စီမံကိန်းတွေ ဖြစ်တဲ့အတွက်ဗျ”ဟု တရုတ်ရေတပ်လာရောက်မှုနှင့်ပတ်သက်၍ ဒေါက်တာလှကျော်ဇောက မှတ်ချက်ပြုသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီနှင့် တရုတ်အကြား သံတမန်ဆက်ဆံရေးမှာ အခြေအနေ ဆိုးရွားနေမှုကို ထင်ဟပ်ပြသလိုက်ခြင်း ဖြစ်သည်ဟုလည်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောဆိုကြသည်။

တရုတ်နှင့် မြန်မာသည် မဟာဗျူဟာ မိတ်ဖက်နိုင်ငံ၊ ဆွေမျိုးပေါက်ဖော် နိုင်ငံများဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးရပ်ကို လေးစားလိုက်နာကာ နှစ်နိုင်ငံ စစ်တပ်အကြား ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုရှိကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုရက်ပိုင်းအတွင်း တုံ့ပြန်ပြောဆိုသည်။ထို့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး၊ စစ်တပ်အချင်းချင်း ဆက်ဆံရေး၊ ပြည်သူအချင်းချင်း ဆက်ဆံရေးသည် နောင်တွင် ပိုမိုနီးကပ်စွာ ချစ်ကြည်ရင်းနှီးလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ ဝါဒဖြန့် လူတစ်စုတို့သည် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိသလို ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများနှင့် တယ်လီဂရမ် ချန်နယ်တို့တွင်လည်း တရုတ်ဆန့်ကျင်ရေး အကြောင်းအရာများ ရေးသား၍ ဝါဒဖြန့်လျက်ရှိသည်ကို တွေ့ရသည်။

“စစ်ကောင်စီဘက်ကတော့ စကားက တစ်နေ့တစ်မျိုး အမျိုးမျိုးပြောနေတာပဲလေ။ အဲဒါကြောင့်မို့လို့ တရုတ်အပေါ် သူ့သဘောထားက တရုတ်ဆန့်ကျင် ဆန္ဒပြမှုတွေလုပ်ပြ၊ နောက်ကျတော့ အခုတရုတ်ရေတပ်ကြီး ရောက်လာတာကို ဝမ်းသာလှိုက်လှဲကြိုဆိုနဲ့ သူတို့(စစ်ကောင်စီ) တကယ်ကို ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေပုံရတယ်”ဟု ဒေါက်လှကျော်ဇောက ပြောသည်။

မြန်မာပြည်ကို ရောက်ရှိနေသော တရုတ်ရေတပ်မှ စစ်သားများသည် စစ်ကောင်စီ၏ စစ်ရေယာဉ်များကို အပြန်အလှန် လေ့လာခဲ့သလို နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေး လေ့ကျင့်မှုများကိုလည်း ဒီဇင်ဘာ ၂ ရက်တွင် စတင်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

“ဒါသင်ကြားရေးပဲ ဖြစ်မှာပေါ့။ စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှု၊ သင်ကြားမှုပဲ လုပ်ပေးလို့ ရမှာပါ။ တရုတ်စစ်သည် ၇၀၀ ဦးကတော့ မြန်မာနိုင်ငံထဲကို ခြေချပြီး ကူတိုက်မယ့်အနေအထားက လုံးဝမရှိဘူးလို့ ကျွန်တော်ပြောရဲပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီနှင့် ၎င်းတို့ကို ထောက်ခံသူများသည် တစ်သက်လုံး တရုတ်ကို ပြန်လည်ဆန့်ကျင်ရမည်ဟု စိတ်ထဲ၌ပင် ရှိမနေခဲ့သလို လက်ရှိတွင် ၎င်းတို့အနေဖြင့် အားကိုးမရှိတော့ဘဲ တကယ့်အိမ်မက်ဆိုးကို လက်တွေ့ရင်ဆိုင်နေရသည့် အချိန်ဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

ဓာတ်ပုံ – စစ်ကောင်စီ

#စစ်ခေါင်းဆောင်က #ရုရှားထက် #တရုတ်ကိုအဆင့်နိမ့် #ဆက်ဆံသလား #Ayeyarwaddy_Times