ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ဦးစွန်းတောင်ကျေးရွာနှင့် အုတ္တပြင်ကျေးရွာနေ ပြည်သူများကို ရက္ခိုင့်တပ်တော်(AA)က နှစ်ရက်အတွင်း ကျေးရွာများမှ ရှောင်ပေးကြရန် ပြောဆိုခဲ့ပြီးနောက် ဒေသခံ ပြည်သူ ၂၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံက သိရှိရသည်။

ဒီဇင်ဘာ ၁ ရက်နေ့၊ ညနေပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)က ဦးစွန်းတောင်ကျေးရွာနှင့် အုတ္တာပြင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာနေပြည်သူများအား တွေ့ဆုံခေါ်ယူကာ နှစ်ရက်အတွင်းကျေးရွာအတွင်းမှ ရှောင်ပေးရန် ဒေသခံများအား ပြောဆိုခဲ့ကြပြီး ဒီဇင်ဘာ ၂ ရက်နေ့၊ မနက် ၇ နာရီဝန်းကျင်တွင် ၎င်းကျေးရွာများမှ မြိုဒေသခံ ပြည်သူ ၂၀၀၀ နီးပါးသည် ထွက်ပြေးတိမ်းရှောင်နေသည်ဟု ဆိုသည်။

“မနေ့ ညနေပိုင်းလောက်က ရွာက လူကြီးတွေကို AA တပ်ဖွဲ့ဝင်တွေက ခေါ်ပြီး ရွာထဲက ဒီနှစ်ရက်တွင်း ထွက်သွားပေးဖို့ ပြောသွားတာပါ။ တိုက်ပွဲဖြစ်ရင် ကျေးရွာနေ ပြည်သူတွေ ထိခိုက်သေဆုံးမူ မရှိအောင် ကြိုရှောင်ခိုင်းထားတဲ့ သဘောပါ။ ရွာအနီးနားမှာလည်း စစ်သားတွေ ရှိတယ်။ ညဘက်ဆိုလည်း လက်နက်ကြီး အသံတွေ အမြဲကြားနေရတယ် “ဟု ဦးစွန်းတောင်ကျေးရွာနေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ ပြည်သူများသည် မြိုတိုင်းရင်းသားများဖြစ်ပြီး ၎င်းတို့၏ကျေးရွာ အနီးနားရှိ ဆွေမျိုးများ၏နေအိမ်များတွင် နေထိုင်ကြပြီး အချို့သည် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရဟု သိရသည်။

အဆိုပါ ကျေးရွာ အနီးအနားတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ နှစ်ဖက်အပြန်အလှန် ကင်းစခန်းများ ချထားကာ စစ်ရေးလှုပ်ရှားမူများ လုပ်ဆောင်နေပြီး ရံဖန်ရံခါ ကျေးရွာအတွင်းသို့ အဝင်အထွက် ပြုလုပ်နေသည်ဟု သိရသည်။

#ရခိုင် #ကျောက်တော် #ရက္ခိုင့်တပ်တော် #မြို့ဒေသခံ #Ayeyarwaddy_Times