ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်

ဧရာဝတီတိုင်းအတွင်းရှိ ငွေဆောင်၊ချောင်းသာမြို့များမှ ရခိုင်သို့ကုန်တင်ယာဉ်နှင့် ခရီးသည်ယာဉ်များ သွားလာခွင့်အတွက်မြို့နယ်စစ်ကောင်စီမှနိုဝင်ဘာ၂၉ ရက်နေ့ကစတင်ကာ အချိန်အကန့်သတ်မရှိ ပိတ်ပင်လိုက်ကြောင်း မြို့ခံများထံက သိရသည်။

ငွေဆောင်နှင့်ချောင်းသာ မှ ရခိုင်သို့သွားရောက်မည့် ခရီးစဉ်များနှင့် ကုန်စည်ပို့ဆောင်ခွင့်တို့အပေါ်ကုန်းလမ်းသွားလာခွင့်အတွက် နိုဝင်ဘာ၂၉ ရက်နေ့ကစ၍ ယာယီရပ်ဆိုင်းရန်မြို့နယ်စစ်ကာင်စီမှအသိပေးထားကြောင်းကုန်စည်နှင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းရှင်များထံက သိရသည်။

“ကုန်စည်တွေနဲ့ခရီးစဉ်တွေကိုအကုန်ရပ်ခိုင်းလိုက်တာ။အချိန်ကိုတော့မပြောပြဘူး။ ချောင်းသာကကုန်သည်မိတ်ဆွေတွေကိုလှမ်းမေးတော့အတူတူပဲ။ မြို့နယ်ထွေအုပ်ကသတိပေးတာ”ဟု ငွေဆောင်မြို့ခံကုန်စည်နှင့်ခရီးသည်ပို့ဆောင် ရေးလုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင်ရွှေသောင်ယံမြို့၌လည်း ရခိုင်သို့သွားရောက်မည့်ခရီးစဉ်နှင့် ကုန်တင်ယာဉ်ယာဉ်များကို ကျောက်ကွင်းလမ်းဆုံမှ မြို့တွင်းသို့ လှည့်ပြန်နေရကြောင်း မြို့ခံကုန်တင်ယာဉ်မောင်းများထံကသိရသည်။

“ရခိုင်ကိုသွားမဲ့ကားတွေ ကုန်ကားတွေမှန်သမျှကျောက်ကွင်းလမ်းဆုံကနေ ထွက်မရတော့ဘူး။အဲ့ဒီနေရာမှာပဲကားတွေရ ပ်ထားတယ်။ တချို့ကားတွေကတော့မြို့ထဲပြန်တဲ့သူတွေလည်းပြန်နေတယ်”ဟုရွှေသောင်ယံမြို့ခံ ကုန်တင်ယာဉ်မောင်းတစ်ဦးကဆိုသည်။

ယင်းကဲ့သို့ သွားလာခွင့်ပိတ်ထားသည့်အတွက်ကုန်စည်နှင့်ခရီးစဉ်များကိုရေကြောင်းမှတဆင့်သွားလာရန်စီစဉ်မှုများရှိနေကာ စစ်ကောင်စီရေတပ်၏ဖမ်းဆီးစစ်ဆေးခံရမည့်အပေါ်စိုးရိမ်နေရကြောင်း ကုန်စည်ပို့ဆောင်သူများထံကသိရသည်။

အလားတူ ပြီးခဲ့သည့်နိုဝင်ဘာ ဒုတိယအပတ်ကလည်း ငွေဆောင်၊ချောင်းသာနှင့်ရွှေသောင်ယံမြို့နယ်ရှိ ရခိုင်နှင့်ပင်လယ်ချင်းထိစပ်နေရာတို့၌ စစ်ကောင်စီရေတပ်မှ စစ်သင်္ဘောအချို့ဖြင့် ကင်းလှည့်ပြီး ရခိုင်သို့သွားသည့် ခရီးသည်စက်‌လှေအချို့ကို ဖမ်းဆီး၍ငွေကြေးတောင်းခံမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

#ဧရာဝတီတိုင်းမှရခိုင် #သွားမည့်ကုန်ကားနှင့် ခရီးသည်တင်ယာဉ် #သွားလာခွင့်ယာယီပိတ်ပင်ထား #Ayeyarwaddy_Times