ဧရာဝတီတိုင်းမ်
(ရခိုင်)၊ ဒီဇင်ဘာ ၂ ရက်

ရခိုင်ပြည်နယ်ကို စစ်ကောင်စီက ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ကာ ကုန်ပစ္စည်းများ၊ စားနပ်ရိက္ခာ သယ်ယူခွင့်များကိုပိတ်ပင်ထားသည့်အပြင် မြို့နယ်အချင်းချင်းကိုလည်း သွားလာခွင့်များ ကန့်သတ်ထားပြီး ကျောင်းသားများနှင့် အရေးပေါ်ကျန်းမာ‌ရေးအတွက်သာ သွားလာခွင့်ရရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်ကို ကုန်းလမ်း၊ရေလမ်း ပိတ်ထားပြီး မြို့နယ်တစ်ခုချင်းစီကိုလည်း အသွားအလာ ဖြတ်တောက်ထားသည့်အတွက် ကုန်ဈေးနှုန်းများ အဆမတန်မြင့်မားလာပြီး အခြေခံလူတန်းစာများမှာ အငတ်ဘေးဖြင့် ကြုံလာနိုင်ကြောင်းလည်း ဒေသခံများကပြောဆိုနေကြသည်။

“တစ်ပြည်နယ်လုံး ကုန်အဝင်အထွက်ပါပိတ်ခံထားရတယ်။ အဝေးပြေးကားတွေလဲ ထွက်မရဘူး။ ကားကိုဖြတ်မရဘူး။ ကျောင်းသားနဲ့ကျန်းမာရေးအတွက်ပဲရတယ်။ ကုန်ဈေးနှုန်းတွေကလည်း အရမ်းမြင့်နေတယ်။ အခုကတစ်မြို့နယ်နဲ့ နောက်တစ်မြို့နယ်ကိုလည်း ပိတ်ထားတယ်။ ရေလမ်းကလည်း ပိတ်ထားတော့ ရေလုပ်ငန်းလုပ်တဲ့သူတွေ၊ လက်လုပ်လက်စားသမားတွေလဲ စားစရာမရှိတော့ဘူး။ ဒီထက်ကြာကြာပိတ်ထားရင် အငတ်ဘေးဆိုက်ပြီး သေတော့မယ်။” ဟု ရခိုင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ စသည့်မြို့များကိုလည်း တစ်မြို့နယ်နှင့်တစ်မြို့နယ် ဆက်သွယ်သွားလာခွင့်များ ပိတ်ထားသည့်အတွက် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့ရကြောင်းလည်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်မှ အခြားပြည်နယ်များသို့သွားရာ အဓိကလမ်းများပေါ်ရှိ ဂွ-ရန်ကုန်လမ်းပိုင်းရှိ ဒေါင်းချောင်းစစ်ဆေးရေးဂိတ်၊ သံတွဲမြို့အထွက်ရှိ စာနီတောင်စစ်ဆေးရေးဂိတ်၊ ကျောက်ဖြူ-တောင်ကုတ်လမ်းပေါ်ရှိ မအီစစ်ဆေးရေးဂိတ်၊ အမ်း-မင်းဘူးလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီက ပိတ်ထားပြီး ကျောင်းသားများနှင့် ကျန်းမာရေးအတွက်သာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။

“ကျောက်ဖြူဘက်မှာဆို ဆန်ကွဲပါစားနေရပြီ။ အဲ့ဒီဘက်က ရေလုပ်ငန်းလုပ်ကြတာများတယ်။ ငါးရှာထွက်လဲမရဘူး။ စက်သုံးဆီမရတာက အဆိုးဆုံးပဲ။ ရေလမ်းကိုလည်း ပိတ်ထားတော့ ဆန်းကွဲစားရတဲ့အခြေအနေရောက်နေပြီ။ ဆန်ကွဲတစ်တောင်းကို တစ်သောင်းခွဲတဲ့ဝယ်စားနေရတယ်။” ဟု ကျောက်ဖြူဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရခိုင်ပြည်နယ်‌မြောက်ပိုင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ကာ ရခိုင်ပြည်နယ်အတွင်း တစ်နှစ်နီးပါး အပစ်ခတ်ရပ်စဲထားသည့် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ထပ်မံထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက ရခိုင်တစ်ပြည်နယ်လုံးကို လမ်းပန်းဆက်သွယ်ရေးများဖြတ်တောက်ကာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – Border News Agency

#ရခိုင်ပြည်နယ် #ဆက်သွယ်သွားလာခွင့်ပိတ် #စစ်ကောင်စီ #ဒေသခံအခက်အခဲကြုံ #ကုန်ဈေးနှုန်းမြင့် #ဆန်ကွဲစား #Ayeyarwaddy_Times