ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်

၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်တွင် စစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာနများ အပါအဝင် တိုင်းနှင့်ပြည်နယ်များကို အသုံးစရိတ်ခွဲဝေပေးထားသော်လည်း ယခုအခါတွင် တိုက်ပွဲဖြစ်ပွားရာ နယ်မြေများရှိ မသုံးရသေးသည့် ဘဏ္ဍာငွေများကို ပြန်လည် တောင်းခံ၍ စစ်ကောင်စီတပ် အသုံးစရိတ်အတွက် ဖြည့်စွက်ဘတ်ဂျက်ကို တိုးတောင်း ထားကြောင်း ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများမှ တဆင့်သိရသည်။

ယခုဘဏ္ဍာနှစ် တတိယ သုံးလပတ်ရောက်ချိန်တွင် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာတွင် စစ်တပ်အသုံးစရိတ်များ၊ Non CDM ဝန်ထမ်းအတွက်အပိုထောက်ပံ့ကြေး၊ တည်ဆောက် ရေးလုပ်ငန်းများနှင့် နိုင်ငံတော်သို့ထည့်ငွေများရရှိရေး တောင်းခံထားကြောင်း စစ်ကောင်စီ လက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံက သိရသည်။

တိုင်းနှင့်ပြည်နယ်များအတွက် ခွင့်ပြုပေးထားသည် ငွေစာရင်းများအနက်မှ နယ်မြေဒေသ အခြေအနေများကြောင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် အခက်အခဲရှိပြီး လုပ်ငန်း အကောင် အထည်မဖော်ရသေးသည့် ဘတ်ဂျက်များကို လွှဲပြောင်းသုံးစွဲနိုင်ရန် စစ်ခေါင်း ဆောင်၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ပြောကြားထားသည်။

ထို့ပြင် ဒေသခံပြည်သူများကို အကြမ်းဖက် ပစ်ခတ်မှုများပြုလုပ်နေသော စစ်ကောင်စီတပ် (ကာကွယ်ရေးဝန်ကြီးဌာန)ကို ကျပ်ဘီလီယံ ၅,၆၀၀ ကျော် သုံးစွဲရန် ယခု ဘဏ္ဍာနှစ် တွင်ခွင့်ပြုထားပြီး အရင်နှစ်ထက် ကျပ်ဘီလီယံ ၂,၀၀၀ နီးပါး တိုးမြှင့်လိုက်ကြောင်း ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ဖော်ပြထားသည်။

ယခုဘဏ္ဍာနှစ်တွင် ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး ( GDP) ကျပ် ၁၃၈,၁၉၅ ဒသမ ၇၀၃ ဘီလီယံရှိပြီး ပြည်ထောင်စု၏ စုစုပေါင်းအသုံးစရိတ်ကို ကျပ် ၃၃,၁၇၅ ဒသမ ၀၅၃ ဘီလီယံသတ်မှတ် ထားကြောင်း ၂၀၂၃ – ၂၀၂၄ Citizen Budget အရသိရသည်။

အဆိုပါ Citizen Budget ဘတ်ဂျက်တွင် ယခင်အစိုးရများ လက်ထက်က ပွင့်လင်းမြင်သာမှုရှိစွာဖြင့် အစိုးရဝန်ကြီးဌာနများ အားလုံး၏ အသုံးစရိတ်များကို ဖော်ပြထားသော်လည်း စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ထက်တွင် ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် အချို့ဝန်ကြီး ဌာနများထံသို့ ဘတ်ဂျက် ခွဲဝေမှုများ ထည့်သွင်း ထားခြင်းမရှိကြောင်း သိရသည်။

စစ်ကောင်စီသည် နိုင်ငံပိုင်သယံဇာတများထုတ်ယူမှု အပေါ်ကောက်ခံသည့် အခွန် အကောက်၊ အကောက်ခွန်၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ်ကောက်ခံခွန်၊ ပြည်တွင်း ထုတ်ကုန်နှင့် နိုင်ငံသားများသုံးစွဲမှုအပေါ်ကောက်ခံခွန်မှ ကျပ်သန်းပေါင်း များစွာ ရရှိနေကြောင်း ၂၀၂၃ – ၂၀၂၄ Citizen Budget အရသိရသည်။

အဆိုပါအခွန်ကောက်ယူများထဲတွင် ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ်သန်းပေါင်း ၁,၇၈၇,၆၈၆ ဒသမ ၃၇၉ နှင့် အထူးကုန်စည်ခွန်မှ ကျပ်သန်းပေါင်း ၁,၅၁၁,၅၈၄ ဒသမ ၁၆၈ ရရှိကြောင်းသိရသည်။

ယင်းအပြင် ကုန်သွယ်ခွန် ( Commercial Tax ) သည် အများပြည်သူများ သုံးစွဲသော ကုန်ပစ္စည်းများ၊ စားသောက် ဆိုင်များနှင့် ဈေးဝယ်ရာတွင် ပေးဆောင်ရသော အခွန်အခများဖြစ်ကာ စစ်ကောင်စီက ပြည်သူ့ဘဏ္ဍာများဖြင့် ပြည်သူများကိုပြန်လည် တိုက်ခိုက်ရာတွင်သုံးစွဲနေခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအပါအဝင် မြောက်မိုင်း မဟာမိတ်အဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးကျည်များ အသုံးပြုကာအကြမ်းဖက် တိုက်ခိုက်နေပြီး တော်လှန်ရေးအဖွဲ့များက မြို့များ၊ စခန်းများသိမ်းယူထားနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ – Citizen Budget, CINCDS

#စစ်အသုံးစရိတ်တိုးတောင်း #ဘတ်ဂျက်ပြန်တောင်းခံ #Ayeyarwaddy_Times