
ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဒီဇင်ဘာ ၁ ရက်
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် ယမန့်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့က စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA၊ PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တစ်နေကုန်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးနှင့် အထက်သေဆုံးကာ ၂၀ ကျော်ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ကျော်လှကြီးကျေးရွာသို့ အင်အား ၁၂၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် ဆိတ်ဖူးခင်ရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့်တစ်ကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျော်လှကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် ခလရ-၄၈ တပ်ရင်းမှ G-1 ဦးစီးသည့် အင်အား ၁၀၀ ဝန်းကျင်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ညနေပိုင်းတွင် ထပ်မံ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေး ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ရာ နေရာမတူပေမယ့် တစ်နေ့လုံးတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောလို့ရတယ်။ နှစ်ကြိမ်ဖြစ်တယ်လို့ပြောလို့ရတယ်။ နှစ်ကြိမ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ကအများကြီး။ လက်ရှိမှာ ရန်သူ(စစ်ကောင်စီ)က ကျော်လှရွာထဲမှာ တပ်စွဲထားပြီး ရင်ဆိုင်နေတဲ့အနေအထားမှာပဲရှိသေးတယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိ သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့သည့်အတွက် ကျော်လှကြီးရွာနှင့် အနီးတဝိုက်ရှိရွာများကို စစ်ကောင်စီတပ်မှ Mi-35 ရဟတ်ယာဉ်ဖြင့် (၅) ကြိမ်၊ Jet Fighter သုံး စီးဖြင့် (၁၅) ကြိမ်၊ Mi-2 ရဟတ်ယာဉ်ဖြင့် (၁)ကြိမ် ပစ်မှတ်ထား တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းကိုခံရသည့် ရွာများမှာဘန်းလောင်၊ မန်ကျည်းကုန်း၊ ကျော်လှ၊ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်း၊ ဇဟာကြီး၊ ဇဟားလေး၊ ကမလင်း ကုန်း(တောင်/မြောက်)၊ လှသင်းမောင်၊ လယ်ပြင်လေးကုန်းနှင့် သပြေခင်ကျေးရွာများ ဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ရိုးမစစ်ကြောင်း-၁၊ ရိုးမစစ်ကြောင်း-၅ နှင့် Poyal Peacock Column ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – MOD
#ဖြူး #၁ရက်တာတိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင် #၁၇ဦးအထက်သေဆုံး #လေကြောင်းတိုက်ခိုက်ခိုက်မှု #အကြိမ်၂၀ကျော်ပြုလုပ် #Ayeyarwaddy_Times