ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် နိုဝင်ဘာ ၃၀ ရက်၊ နံနက်ပိုင်းအချိန်ကစ၍ ဖုန်းလိုင်းများ ဖြတ်တောက်ထားသောကြောင့် ကုန်းလမ်း၊ ရေလမ်း၊ အင်တာနက် ဖုန်းလိုင်းများ အားလုံးပိတ်ထားဟု ဒေသခံများထံက သိရှိရသည်။

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နိုဝင်ဘာ ၁၄ ရက်ကစ၍ ကုန်လမ်း၊ ရေလမ်းများကို ပိတ်ထားပြီး နိုဝင်ဘာ ၃၀ ရက်၊ မနက် ၆ နာရီဝန်းကျင်တွင် ဖုန်းလိုင်းများကိုလည်း ဒေသခံအား ကြိုတင်အသိပေး အကြောင်းကြားထားခြင်းမရှိဘဲ ဖြတ်တောက်ထားသည်ဟု ဒေသခံများက ဧရာဝတီတိုင်းမ်ကို ပြောသည်။

” ပလက်ဝမြို့နယ် တစ်ခုလုံး ဖုန်းလိုင်းတွေ ဖြတ်တောက်ထားလိုက်ပြီ။ ဖုန်းလိုင်းဖြတ်မယ်ဆိုလည်း မြို့ခံတွေကို ကြိုအသိပေးထားသင့်တယ်။ အရင် အင်တာနက်လိုင်း ဖြတ်တောက်တုန်းကလည်း ကြိုအသိပေးတာမျိုးမရှိဘူး။ ပြန်ဖွင့်တော့လည်း အသိပေးတာမျိုးမရှိဘူး။ အခု ပလက်ဝမြို့နယ်မှာ ဖုန်းလိုင်း၊ အင်တာနက်၊ ကုန်းလမ်း၊ ရေလမ်း အားလုံးပိတ်ထားလိုက်ပါပြီ”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါပိတ်ဆို့ဖြတ်တောက်မှုကြောင့် ပလက်ဝမြို့ပေါ်တွင် ဆန်ရောင်းချသူများ မရှိတော့ဘဲ အခြားအခြေခံ စားသောက်ကုန်များလည်း ပြတ်လုနီးပါး ရှိနေပြီဟု ဆိုသည်။ ထို့အပြင် လမ်းကြောင်းများ အားလုံးပိတ်ထား၍ လူမူရေး၊ ကျန်မားရေး ဆောင်ရွက်ရာတွင် ဒေသခံများ အခက်ကြုံတွေ့နေကြောင်း ဒေသခံများထံက သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါဝင် မြို့နယ် ရှစ်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့ကစ၍ ဖုန်းအင်တာနက်လိုင်းကို ဖြတ်တောက်ခဲ့သည်။

လက်ရှိ ပလက်ဝမြို့နယ်တွင် မြန်မာ-အိန္ဒိယ-ဘဂ်လားဒေ့ရှ် သုံးနိုင်ငံ နယ်စပ်ရှိ စစ်ကောင်စီ၏ အခိုင်မာတပ်စွဲထားသည့် တရွန်အိုင် ဗျူဟာကုန်းနှင့် နှူံးဘူး ဗျူဟားကုန်းတို့ကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ရရှိနိုင်ရေးအတွက် တိုက်ပွဲများပြင်းထန်နေဆဲ ဖြစ်သည်။

#ချင်းပြည် #ပလက်ဝ #စစ်ကောင်စီ #ရက္ခိုင့်တပ်တော် #အင်တာနက်ဖြတ်တောက်
#Ayeyarwaddy_Times