ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်

နိုင်ငံ၏ ဝင်ငွေရရှိရာလမ်းကြောင်းသည် ကုန်သွယ်မှုမှဖြစ်ပြီး ပို့ကုန်ထက် သွင်းကုန် ပိုမိုများပြားနေသဖြင့် ကုန်သွယ်မှုလိုငွေနေခြင်းဖြစ်ကာ အဆိုပါအချက်သည် နိုင်ငံ၏ လိုအပ်ချက်ကြောင့်မဟုတ်ဘဲ အလုပ်မလုပ်သည့်အတွက် ပို့ကုန်ပစ္စည်း နည်းပါးခြင်း ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၂၉ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့ပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများ တည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့သိမ်း စခန်းသိမ်း ထိုးစစ်ဆင်နေမှုကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရပ်နားထားရချိန်တွင် ကုန်သွယ်မှုမှ နိုင်ငံခြားဝင်ငွေမရကြောင်း စစ်ခေါင်းဆောင်က ဆက်လက် ပြောကြားခဲ့သည်။

“ မိမိနိုင်ငံမှာ လုပ်ကိုင်စားသောက်နိုင်တဲ့ ရေမြေသယံဇာတနဲ့ ရာသီဥတု တို့ကို ပိုင်ဆိုင် ထားသော်လည်း အလုပ်ကို ဖိဖိစီးစီးဆောင်ရွက်မှုမရှိတဲ့အတွက် ကုန်ထုတ်လုပ် မှုတွေ အားနည်းခဲ့တယ်” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးးကြီးမင်အောင်လှိုင်က အပြစ်တင် ပြောကြားခဲ့သည်။

နိုင်ငံအနေဖြင့် လုပ်ကိုင်စားသောက်နိုင်မည့် ရေမြေသယံဇာတ ရာသီဥတုကို ပိုင်ဆိုင်ထားသော်လည်း အလုပ်ကိုဖိဖိစီးစီးဆောင်ရွက်မှု မရှိ၍ ကုန်ထုတ်လုပ်မှုများ အားနည်းခဲ့သလို ၂၀၁၁ ခုနှစ် ပါတီစုံဒီမိုကရေစီအစိုးရ (သမ္မတဟောင်းဦးသိန်းစိန် လက်ထပ်) တက်လာပြီး နိုင်ငံစီးပွားရေး လုပ်ငန်းများကိုအားမပေးခြင်း၊ ပုဂ္ဂလိက ပိုင်လွှဲပြောင်းပေးခြင်းနှင့် ဖျက်သိမ်းတို့ပြုလုပ်ခဲ့သဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအား နည်းသွားကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပို့ကုန်များသည် စိုက်ပျိုးရေး အခြေခံထွက်ကုန်ပစ္စည်းများ ဖြစ်ကာ ဆန်စပါး၊ ပဲ၊ ပြောင်း၊ ရာဘာများသာဖြစ်ပြီး ပြည်တွင် ကုန်ချော ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် ကုန်ကြမ်းများကိုပြည်ပ နိုင်ငံများမှ တင်သွင်းရကြောင်း သိရသည်။

စိုက်ပျိုးရေးနှင့် ပတ်သက်၍ ပြောင်းနှင့်နေကြာကို ပိုမိုစိုက်ပျိုးပေးနိုင်မည့် အခြေအနေကို တွေ့ရပြီး မိုးသီးနှံစိုက်ပျိုးပြီးချိန်တွင် ပြောင်းသီးနှင့် နေကြာသီးကို စိုက်ပျိုးပါက အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ပြီး ကော်ဖီစိုက်ပျိုးရေးကိုလည်း အားပေးရန် လိုကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

“ စစ်ခေါင်းဆောင်လက်ထက်မှာ ပို့ကုန်ဝင်ငွေက နယ်စပ်ကုန်သွယ်ရေးကနေအများဆုံးရပြီး တရုတ်နယ်စပ်ကနေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်ကျော်နဲ့ အားကိုးရသလို ထိုင်းကလည်း ၄ ဘီလီယံကျော်ရတယ်။ အိန္ဒိယက တစ်ဘီလီယံ လောက်ရတယ်။ အဲဒါတွေအကုန်သွားပြီ။ ထိုင်းကပြတ်မသွားဘူး။ တရုတ်ကတော့လုံးဝပြတ်သွားပြီ” ဟု စီးပွားရေးပညာရှင် ဦးစိန်ဌေးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ယခုဘဏ္ဍာနှစ် ၂၀၂၃ – ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာ ၁၇ ရက်နေ့အထိ ပင်လယ်ရေ ကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် တန်ဖိုးတင်သွင်းရကာ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ရှိကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနထံက သိရသည်။

အောက်တိုဘာ ၂၇ ရက်နေ့တွင် စတင်ခဲ့သည် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးကြောင့် အာဏာရှင်ဆန့်ကျင်ရေး စစ်ရေးအရှိန်မြင့်လာပြီး စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် အဓိကနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ရပ်နားထားရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ကုန်သွယ်မှုလိုငွေပြနေခြင်း #နိုင်ငံလိုအပ်ချက် #အလုပ်မလုပ် #ပို့ကုန်ပစ္စည်းနည်းပါးခြင်း #စစ်ခေါင်းဆောင်အပြစ်တင် #Ayeyarwaddy_Times