ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ရှိ ရခိုင်ရိုးမနှင့်နီးစပ်သည့် ကျေးရွာများသို့ စစ်ကောင်စီတပ်အင်အား ၅၀ကျော်ဖြင့် စစ်ကြောင်းထိုးနေကာ ကျေးရွာအတွင်းတပ်စွဲမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။

ကြံခင်းမြို့နယ်ရှိရခိုင်ရိုးမနှင့်နီးစပ်သောဆိပ်သာနှင့် ခုံကြီးကျေးရွာ အနီးသို့ စစ်ကောင်စီတပ်အင်အား၇၀ကျော် ဖြင့် နိုဝင်ဘာ ၂၉ ရက်ညက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများထံက သိရသည်။

“ ရွာထဲကိုစစ်ကားသုံးစီးနဲ့တင်လာတယ်။ ညတွင်းချင်းပဲတောင်ပေါ်ကိုတက်သွားတာ။ စစ်ကြောင်းထိုးဖို့လုပ်တယ်လို့ပြောသံကြားတယ်။အခုထိပြန်မဆင်းလာသေးဘူး” ဟု ဆိပ်သာကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို‌ပြောသည်။

ရခိုင်ရိုးမအနီးတဝိုက်၌စစ်ကြောင်းထိုးနေသည့်အပြင် စစ်ကောင်စီတပ်သား၂၀ဦးထက်မနည်သည် ကြံခင်းမြို့တွင်းရှိ ကုန်သွယ်လယ်ယာဝန်းအတွင်းသို့ နိုဝင်ဘာလ ၃၀ရက်နေ့က ရောက်ရှိလာပြီး နောက်ချန်အင်အားအနေဖြင့် စောင့်ဆိုင်းနေကြောင်း သတင်းရရှိသည်။

“ တောင်ပေါ်မှာတပ်စွဲဖို့ အင်အား၅၀ လောက်ပို့ထားတယ်။ မြို့ထဲကိုနောက်ချန်ပုံစံအနေနဲ့ အင်အား၂၀ ကိုကုန်သွယ်လယ်ယာဝန်းထဲပြန်ပို့ထားတယ်။ တောင်ပေါ်မှာတပ်စွဲဖို့ကဘယ်လောက်ရက်ကြာမလဲတော့မပြောတတ်ဘူး” ဟု တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။

အလားတူ ဘက်ရဲမြို့နယ်ခွဲတွင်လည်း လုံခြုံရေးအကြောင်းပြကာ စစ်ကောင်စီတပ်အင်အား၅၀ကျော် ဖြင့် ရဲစခန်းနှင့်ထွေအုပ်ရုံး၌တပ်စွဲထားကြောင်း မြို့ခံများထံကသိရသည်။

#ကြံခင်းမြို့ #ရခိုင်ရိုးမ #နီးစပ်သည့်ကျေးရွာများ #အင်အား၅၀ကျော်ဖြင့် #စစ်ကြာင်းထိုးနေ
#Ayeyarwaddy_Times