
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်
ပြည်တွင်းကုန်စည်စီးဆင်းရာ ကုန်သွယ်ရေးလမ်းကြောင်းနယ်စပ်ဂိတ်များတွင် တိုက်ပွဲ ဖြစ်ပွားနေသည်မှာ တစ်လ ကျော်လာကြာမြင့်လာပြီး တိုက်ပွဲဖြစ်ပွားရာဒေသများ အပါအဝင် ရန်ကုန်မြို့ဈေးကွက်အတွင်း အခြေခံစား သောက်ကုန်ဈေးနှုန်းက အမြင့် ဈေးတွင်ရှိနေကြောင်းသိရသည်။
ပြည်တွင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မရှိမဖြစ်အရေးကြီးကုန်စည် စက်သုံးဆီဈေးတွင် ဓာတ်ဆီဈေးသည် ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့တွင် တစ်လီတာကို ကျပ် ၃၀၀ ကျော်ခန့်မြင့် တက်သွားကြောင်းသိရှိရသည်။
ပြီးခဲ့သည့်သီတင်းနှစ်ပတ်က ဘဏ်လုပ်ငန်းလှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ယခုအခါ တည်ငြိမ်သွားသော်လည်း ဘဏ်ဂယက်နှင့်အတူမြင့်တက်သွားသော အကယ်ဒမီ အခေါက် ရွှေဈေးက အမြင့်ဈေးတွင်တည်ရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ပင်ထားမှုအပါအဝင် ရန်ကုန်မှ ကုန်စည် များကို တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ပို့ဆောင်နိုင်ခြင်းမရှိသဖြင့် ယင်းဒေသများ တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းမြင့်တက် နေကြောင်းသိရသည်။
#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း
စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေအဓိကရရှိရာ လမ်းကြောင်းများသော နယ်စပ် ကုန်သွယ်ရေး စခန်းများပိတ်နေသဖြင့် စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေလျော့ကျ နေမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ဖြေကြားထားသည်။
လက်ရှိနိုင်ငံခြားငွေလဲလှယ်နှုန်းထားဈေးကွက်တွင် အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ်ဈေးနှုန်းက ဈေးအမြင့်တွင်ရှိနေကြောင်းသိရသည်။
ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃၄၂၀ ကျပ်ဖြစ်ပြီး ၁၆ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၃၄၉၀ ကျပ်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
နိုဝင်ဘာ ၁ ရက်နေ့တွင် ကန်တစ်ဒေါ်လာလျှင် ကျပ် ၃,၂၅၀ ကျပ်ရှိရာမှ ယခုတစ်လ အတွင်း ၂၀၀ ကျပ်မြင့် တက်လာခြင်းဖြစ်ပြီး နှစ်ပတ်အတွင်း ၇၀ ကျပ်ပြန်လည် ကျဆင်းလာကြောင်းသိရသည်။
မြန်မာ – တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး ဇုန်နှစ်ခုတွင်လုပ်ငန်းများ ရပ်ဆိုင်ထားသော်လည်း တရုတ်ယွမ်ဈေးနှုန်းက မြင့်တက် လျှက်ရှိကြောင်းဈေးအကွက် အတွင်းမှ စုံစမ်းသိရသည်။
နိုဝင်ဘာ ၁ ရက်နေ့တွင် တရုတ်တစ်ယွမ်လျှင် ၄၅၂ ကျပ်ရှိရာမှ တစ်လအတွင်း ၃၀ ကျပ်မြင့် တက်လာသည်။ နယ်စပ်ကုန်သွယ်ရေးရှိရာ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး နိုဝင်ဘာ ၃၀ ရက်နေ့တွင် တရုတ် တစ်ယွမ်လျှင် ၄၈၁ ကျပ်ရှိကာ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ၄၇၂ ကျပ်ရှိရာမှ ယခုသီတင်းတစ်ပတ်အတွင်း ၁၁ ကျပ် ထပ်မံမြင့်လာခြင်းဖြစ်သည်။
နိုဝင်ဘာတတိယပတ်အတွင်းက ဖြစ်ပွားသောဘဏ်ဂယက်ကြောင့် ငွေအပ်နှံသူများက ဘဏ်များအပေါ် ယုံကြည်မှုလျော့နည်းလာ၍ ငွေများပြန်လည်ထုတ်ယူနေကြပြီး အမေရိကန်ဒေါ်လာ ဝယ်ယူထားပါက အန္တရာယ် ရှိနိုင်သဖြင့် ထိုင်းဘတ်ငွေ လဲလှယ်ထားမှုများရှိနေကြောင်းသိရသည်။
ယခုတစ်လအတွင်းထိုင်းဘတ်ဈေးမှာ ဈေးနှုန်းအတက်၊အကျနည်းပြီး တစ်ဘတ်လျှင် ကျပ် ၉၆ ကျပ်မှ ၉၇ ကျပ်ကြားအရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်အတွင်း ကသိရသည်။ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ၉၇ ကျပ်ရှိပြီး နိုဝင်ဘာ ၁၆ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ၉၆ ကျပ်ရှိကြောင်း သိရသည်။
လက်ရှိတွင်စစ်ရေး အခြေအနေများကြောင့် ကျပ်ငွေတန်ဖိုးခိုင်မာမှုမရှိသဖြင့် ဘဏ်အပ်ငွေများကိုထုတ်ယူပြီး ရွှေဝယ်ယူမှုများလည်း ရှိနေသဖြင့် ရွှေဈေးမှာမူ အတက်ဘက်တွင်သာ မြဲနေကြောင်း ရွှေဈေးကွက်နှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယခုတစ်လအတွင်း အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်နှစ်သိန်းခွဲ (၂၅၀,၀၀၀) မြင့်တက်သွားပြီး ယခုရက်ပိုင်း အတွင်း ကျပ်ငါးသောင်း (၅၀,၀၀၀) ကြား အတက်နှင့် အကျရှိကြောင်း ရွှေဈေးကွက်အတွင်းမှစုံစမ်းသိရသည်။
နိုဝင်ဘာ ၃၀ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၆ သိန်း ငါးသောင်းရှိပြီး နိုဝင်ဘာ ၁၆ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်းဝန်းကျင်ရှိကြောင်း ရွှေဆိုင်များထံက သိရသည်။
ယခုတစ်ရက်အတွင်း စက်သုံးဆီ တစ်လီတာဈေးနှုန်းကျပ် ၃၄၀ ကျပ်မြင့်တက်လာ ကြောင်း ရန်ကုန်မြိုခံတစ်ဦး ထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်ပတ်တွင်း ရန်ကုန်မြို့ အတွင်းစက်သုံးဆီပြတ်လပ်မှု တစ်ပတ်ကြာကြုံတွေ့ခဲ့ရပြီးနောက် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အရန် စက်သုံးဆီ ၁ လစာရှိကြောင်း ပြောကြားခဲ့ပြီး မကြာမီ ဆီစျေး ရုတ်တရက် မြင်တက်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိသီတင်းနှစ်ပတ်အတွင်း ရန်ကုန်မြို့အပါအဝင် အချို့မြို့ကြီးများတွင် စက်သုံးဆီ ပြတ်လပ်မှုမရှိသော်လည်း စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားရာ ကရင်နီဒေသ၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် စက်သုံးဆီဈေးများ မြင့်တက်နေပြီး ဆီရှားပါးနေကြောင်း ဒေသခံများထံက သိရသည်။
ဒီဇင်ဘာ ၁ ရက်နေ့ စက်သုံးဆီဈေးနှုန်းတွင် အောက်တိန်း ၉၂ တစ်လီတာ ၂၅၁၀ ကျပ်၊ ၉၅ တစ်လီတာ ၂၆၄၀ ကျပ်၊ ပရီမီယံဒီဇယ် ၂၃၁၀ ကျပ် နှင့် ဒီဇယ် ၂၃၀၅ ကျပ် စစ်ကောင်စီသတ်မှတ်ဈေးအဖြစ် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည်။
နိုဝင်ဘာ ၃၀ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၁၇၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၃၀၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၂၉၅ ကျပ် နှင့် ဒီဇယ်တစ်လီတာလျှင် ၂၂၀၀ ကျပ်ရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထား၍ ၁ ရက်အတွင်းတွင်ပင် စက်သုံးဆီ စျေးများ ရုတ်တရက် မြင့်တက်လာခြင်းဖြစ်သည်။
ထို့ပြင်နိုဝင်ဘာ ၁၆ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၂၁၃၀ ၊ ၉၅ တစ်လီတာလျှင် ၂၂၅၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၂၅၀ ကျပ် နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၂၄၅ ကျပ်ရှိကြောင်း သိရသည်။
မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသော ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့တွင် ဓာတ်ဆီနှင့် ဒီဇယ် တစ်လီတာလျှင် ငါးထောင်ကျပ်မှ ခြောက်ထောင်ကျပ်ကြားရှိပြီး ရခိုင်ပြည်နယ်တွင်မူ စက်သုံးဆီ တစ်လီတာလျှင် သောင်းဂဏန်းအထိ ရှိကြောင်း လူမှုကွန်ရက် စာမျက်နှာ များတွင် ဒေသခံများ၏ ရေးသားချက်အရသိရသည်။
လက်ရှိသတင်းနှစ်ပတ်အတွင်း အခြေခံစားသောက်ကုန်ဈေးတွင် ဆန်၊ စားသုံးဆီ ဈေးအပါအဝင် စားဖိုဆောင်သီးနှံဈေးနှုန်းများက ဈေးအမြင့်မှာပင်ရှိနေကြောင်း သိရသည်။
ရွှေဘိုပေါ်ဆန်းမွှေးအိုးဝင်ထိပ်စထူးရှယ် တစ်အိတ်လျှင် ကျပ် ၁၇၅,၀၀၀ ရှိပြီး ရိုးရိုးပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်တစ်သိန်းရှိပြီး ဆန်အချောတစ်အိတ်လျှင် ကျပ်တစ်သောင်းမှ နှစ်သောင်း၊ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ရှစ်ထောင်မှ တစ်သောင်းကြား ဈေးမြင့်တက်ကြောင်း ဆန်ဆိုင်များထံမှ သိရသည်။
ရွှေဘိုပေါ်ဆန်းမွှေး ၁၇၅,၀၀၀ ကျပ်၊ ရွှေဘိုထူးထူးရှယ် ၁၆၅,၀၀၀ ကျပ်၊ ဧရာရွှေဘိုပေါ်ဆန်းမွှေး ၁၂၅,၀၀၀ ကျပ်၊ ကျားပျံရှယ် ၁၃၅,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း ၁၁၈,၀၀၀ ကျပ်၊ ပုသိမ်ပေါ်ဆန်း ၁၀၅,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုး ၁၀၀,၀၀၀ ကျပ်၊ ဆင်းသွယ်ရှယ် ၉၀၀၀၀ ကျပ်၊ ဇီယာရှယ် ၇၈၀၀၀ ကျပ်ရှိကြောင်း ဆန်လက်လီ လက်ကား အရောင်းဆိုင်က သိရသည်။
ထို့ပြင်စားသုံးဆီဈေးနှုန်းတွင် စစ်ကောင်စီသတ်မှတ်ဈေးအဖြစ် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်နေ့အထိ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ငါးထောင်သတ်မှတ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအပါအဝင် စားအုန်းဆီ တင်သွင်း သည့် ကုမ္ပဏီပူးပေါင်းပြီး စစ်ကောင်စီသတ်မှတ်ဈေးနှုန်း တစ်ပိဿာ ကျပ် ၅၀၀၀ ဖြင့် စားအုန်းဆီရောင်းချရာနေရာများတွင်ပြည်သူများ တန်းစီးတိုးဝယ်နေရသည်။
ပြည်တွင်းကုန်စည်းစီးဆင်းမှုလမ်းကြောင်း ပိတ်ဆို့သွားသဖြင့် စားဖိုဆောင်သီးနှံဈေး နှုန်းမြင့် တက်နေရာတွင် ကြက်သွန်နီ တစ်ပိဿာ ၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ နှစ်သောင်းကျပ်၊ အာလူးတစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့် သီတင်းနှစ်ပတ်ကျော် ကြာသည့်အထိအမြင့်ဈေးတွင်ရှိကြောင်း ရန်ကုန်မြို့ရှိလက်လီအရောင်းဆိုင်များထံက သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။
(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် နိုဝင်ဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၁၆ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)
#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #နိုဝင်ဘာ၁၆မှနိုဝင်ဘာ၃၀ #Ayeyarwaddy_Times