
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက နှစ်ပတ်ကြာပြည်သူ့စစ်သင်တန်း တက်ရောက်ခိုင်းကြောင်း သတင်းရရှိသည်။
ကျုံပျော်မြို့နယ်ရှိ ရွှေဒေါင်းကွင်း၊ဘလန်းကြီး၊ညောင်ပင်ကွင်းနှင့် လယ်တီကုန်းစသည့်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများကို ဒီဇင်ဘာ ၁ရက်နေ့ကစပြီး နှစ်ပတ်ကြာ ပြည်သူ့စစ်သင်တန်း တက်ရောက်ရန် နှင့် သင်တန်းမတက်ရောက်နိုင်သူများအနေဖြင့် တစ်ဦးလျှင် ငွေငါးသိန်းကျပ် ပေးဆောင်ရန် မြို့နယ်စစ်ကောင်စီမှ ညွှန်ကြားထားကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအသိုင်းအဝန်းထံက သိရသည်။
“ မြို့နားနီးတဲ့ ရွာတွေက အုပ်ချုပ်ရေးမှူးတွေမှန်သမျှ ပြည်သူ့စစ်သင်တန်း တက်ဖို့ညွှန်ကြားခံထားရတယ်။ သင်တန်းမတက်တဲ့ သူတွေက တစ်ရက်ကိုငါးသိန်း ဒဏ်ကြေးပေးခိုင်းထားတယ်။ မတက်မနေရကိုသွားရမဲ့သဘောဖြစ်နေတယ်” ဟု ရွှေဒေါင်းကွင်းကျေးရွာရှိရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းပြည်သူ့စစ်(ပျူစောထီး)သင်တန်းကို ကျုံပျော်အခြေစိုက် ခလရ-၃၆ တပ်ဝန်း၌ပြုလုပ်သွားမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက လိုအပ်လျှင် စစ်မှုထမ်းရမည်ဟု တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။
“ သင်တန်းက ခလရ- ၃၆ ထဲမှာသင်မယ်။ သင်တန်းလုပ်တဲ့အချိန်မှာ ပြင်ပကိုထွက်ခွင့်မပေးသလို ဖုန်းအဆက်အသွယ်လည်းဖြတ်ထားမယ်။ သင်တန်းပြီးတာနဲ့ ရှေ့တန်းထွက်ဖို့ပါလက်မှတ်ထိုးခိုင်းထားတယ်”ဟု ခလရ-၃၆နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။
ကျုံပျော်မြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလနှင့်နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်မှ လူငယ်၁၀၀ ဦးကျော်ကို ပြည်သူ့စစ်( ပျူစောထီး)သင်တန်းပေးအပ်ကာရှမ်းမြောက်ဒေသသို့ ပို့ခဲ့ကြောင်း သိရသည်။
#ကျုံပျော် #ကျေးရွာအုပ်ချုပ်ရေးမှူး #ပြည်သူ့စစ်သင်တန်း #ပျူစောထီး #ခလရ၃၆