နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်စစ်သားများက ဧည့်စာရင်းစစ်ဆေးစဉ် ပြည်သူများ၏ ဖုန်းနှင့် အဖိုးတန်ပစ္စည်းများကို အဓမ္မယူဆောင်သွားကြကြောင်း သတင်းရရှိသည်။

“ဧည့်စာရင်းစစ်တယ်ဆိုပြီး ညအချိန်မတော်တွေမှာ အိမ်ထဲကိုတိတ်တိတ်ကလေး ဝင်လာတာပဲ။ အိမ်ပေါ်ကလူတွေကိုနိုးတယ်ပြီးတော့ လက်ကိုင်ဖုန်းတွေတောင်းကြည့်တယ် ဘာမှမတွေ့တာတောင်ဖုန်းတွေကိုသိမ်းသွားတယ်။ လူကိုစစ်ဆေးနေတဲ့အချိန်မှာ ကျန်တဲ့စစ်သားတွေက လျောက်ရှာပြီး ပိုက်ဆံတွေ့ရင် ပိုက်ဆံတွေယူတယ်။ ရွှေတွေ့ရင်ရွှေတွေလည်းယူသွားတယ်” ဟု မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းကဲ့သို့ ဧည့်စာရင်းစစ်ရင်း လက်ကိုင်ဖုန်းအပါအဝင် ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားခြင်းနှင့် ပတ်သက်ပြီး တိုင်ကြားနိုင်ခြင်းမရှိကြောင်း သိရသည်။

မအူပင်မြို့တွင် မြို့ပေါ်ရပ်ကွက် (၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈၈)အုပ်စုရှိပြီး နေ့စဉ်နီးပါး ဧည့်စာရင်း စစ်ဆေးမှု ပြုလုပ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများကို ယခင်ကထက်ပိုမို ခြိမ်းခြောက် ငွေတောင်းခံမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။

#မအူပင်မြို့ #စစ်ကောင်စီတပ် #ဧည့်စာရင်းစစ်
#Ayeyarwaddy_Times