ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဒီဇင်ဘာ ၁ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်က ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၅၏ ယာယီစခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့က ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းပေါ်ရှိ ခါချဥ်တောင်အနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သား ၁၀ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာကာဆုတ်ခွာခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့အဖွဲ့တွေက ယာယီစခန်းပဲလုပ်ပြီး တစ်လကို နေရာ နှစ်ခု လောက်ပြောင်းနေတာ။ အခုခါချဉ်တောင်မှာ စခန်းချထားတာ။ အဲ့ဒီနေ့ကအကြောင်းရှိလို့ တပ်ဖွဲ့လိုက်သွားတာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီအဖွဲ့နဲ့တိုးတာ။ သူတို့ထက်အင်အားက ငါးဆလောက်များနေတော့ ကျွန်တော်တို့က ဖိတိုက်တာ။ သူတို့ပြန်ဆုတ်သွားဘက်က စစ်ကောင်စီစစ်ကြောင်းရှိနေပြီး လက်နက်ကြီးတွေနဲ့ပြန်ပစ်တော့ ဆက်မလိုက်တော့တာ။ အဲဒီတိုက်ပွဲမှာ ရန်သူဘက်က နှစ်ယောက်လောက်သေမှာ။ ဒါပေမဲ့အတည်မပြုနိုင်လို့ သတင်းမှာမထည့်တော့တာပါ “ ဟု PDF တပ်ရင်း ၃၈၀၂ ၏ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း အထိနာခဲ့သည့်စစ်ကောင်စီတပ်က နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၄ နာရီ ဝန်းကျင်တွင် PDF ယာယီစခန်းကို ရဟာတ်ယာဉ်ပေါ်မှ စက်သေနတ်များဖြင့်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သာယာဝတီခရိုင်အတွင်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ ယခုအခါပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။
“ထိခိုက်ပျက်စီးမှုကတော့မရှိဘူးပေါ့နော်။ မနက်အစောပိုင်းမှောင်နေတဲ့အချိန်လည်းဖြစ်တယ်။ ကင်းစောင့်တဲ့ရဲဘော်တွေကလည်း သတိမလွတ်တော့ လေယာဉ်သံကြားတာနဲ့ အကုန်လုံးကို လုံခြုံရာမှာနေဖို့ပြောနိုင်တဲ့အတွက် ထိခိုက်ဆုံးရှုံးမှုမရှိသွားဘူး။ သူတို့ကရိုးမထဲကိုဆို အခုနောက်ပိုင်း စစ်ကြောင်းထိုးဖို့ သိပ်မရဲကြတော့ဘူး။ အဲ့တာကြောင့်လေကြောင်းနဲ့ လာပစ်တာလို့ယူဆတယ်။” ဟု အဆိုပါပြန်ကြားရေးတာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ကလည်း PDFတပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၅ ၏ ယာယီစခန်းကို စစ်ကောင်စီက လာရောက်တိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေသည့်ရဲဘော်များမှ တွေ့ရှိခဲ့ပြီး စောင့်ကြိုတိုက်ခိုက်နိုင်ခဲ့ရာ တပ်သား သုံး ဦးနှင့်အထက်သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့(ပုံဟောင်းဖြစ်သည်)
#မင်းလှ #ယာယီPDFစခန်း #လေကြောင်းတိုက်ခိုက် #စစ်ကောင်စီ #စစ်ကြောင်းထိုး #Ayeyarwaddy_Times