ဧရာဝတီတိုင်းမ်
(ပေါက်ခေါင်း)၊ဒီဇင်ဘာ ၁ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်ခေါင်းမြို့၊ ညောင်ကုန်း‌ကျေးရွာနှင့် ချင်းလည်‌ကျေးရွာကြား ခရိုင်ချင်းဆက်လမ်းပေါ်ရှိ ဒေသခံများကိုအနှောင့်အယှက်ပေးနေသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်၊ နံနက် ၅ နာရီဝန်းကျင်က ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ-၃ နှင့် SPDF ပူးပေါင်းအဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်သည် ဒေသံများကို ခြိမ်းခြောက်ခြင်းများ၊ မတရားပစ္စည်း သိမ်းယူခြင်းများရှိနေသည့်အတွက် “၁၁၂၇ စစ်ဆင်ရေး” တွင်ပါဝင်သည့်အနေဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာအပြင်း အထန်ရရှိကာ အခြားဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“အဲ့ဒီစခန်းရှိတာက တစ်လလောက်ပဲရှိသေးတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ရိက္ခာဖြတ်ဖို့နဲ့ စစ်ဆေးဖို့ရယ်၊ ပြီးတော့ မြို့ထဲမဝင်နိုင်အောင်ကာထားတာပေါ့။ အခုလဲ အင်အားထပ်ဖြည့်ထားတယ်။ မြိုအသိမ်းခံရမှာလည်း ကြောက်နေတယ်။ သူတို့ တပ်ကိုဝင်စီးခံရမှာလည်းကြောက်နေတယ်။ အဲဒီမှာ ခမရ-၅၃ တပ်လည်းရှိတယ်” ဟု ပြည်ခရိုင်သတင်းပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုအခါ စစ်ကောင်စီက အဆိုပါ စစ်ဆေးရေးဂိတ်အား အင်အားထပ်မံ ဖြည့်တင်းထား ကြောင်းသိရပြီး အဆိုပါစစ်ဆေးရေးဂိတ်မှာ ဒေသခံများအပေါ် ငွေတောင်းခံခြင်း၊ ကုန်ပစ္စည်းများကိုသိမ်းယူခြင်း၊ ဆန်ဝယ်ယူရာတွင်လည်း ခြောက်ပြည်ထက် ပိုဝယ်၍ မရခြင်း၊ ကားတစ်စီးလျှင် ဆန်သုံးအိတ်အထက် တင်ခွင့်မပေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း စစ်ကြောင်း ထိုးလာသည့်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက လက်ဦးမှုရယူ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ရှစ် ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့

#ပြည်ခရိုင်PDF #ပေါက်ခေါင်းမြို့ #စစ်ဆေးရေးဂိတ် #တိုက်ခိုက်ခံရ #စစ်ကောင်စီ #Ayeyarwaddy_Times