ဧရာဝတီတိုင်းမ်
(ချင်း)၊ နိုဝင်ဘာ ၃၀ ရက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့သိမ်းတိုက်ပွဲတွင် အလံဖြူထောင်၍ တပ်စခန်းကို စွန့်ခွာပြီး အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးကို အိန္ဒိယဗဟိုအစိုးရက ယမန်နေ့၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ တမူးမြို့ရှိ စစ်ကောင်စီတပ်စခန်းထံ ပြန်လည်ပို့ဆောင်ခဲ့ကြောင်းဒေသတင်းများ၏ ဖော်ပြန်ချက်အရသိရသည်။

ဗိုလ်ကြီးရန််နိုင်ဦး ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အိန္ဒိယနိုင်ငံ၊ အာဆမ်ရိုင်ဖယ်တပ်က ချင်း-မီဇိုးရမ်နယ်စပ်၊ လူကီရွာအထိ နိုဝင်ဘာလ ၂၈ ရက်နေ့က လာရောက်ကြိုဆိုခဲ့ပြီး ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဝင်တချို့ကိုလည်း ဆေးကုသမှုများပြုလုပ်၍ မဏိပူရ်ပြည်နယ်၊ မိုးရေးမှတစ်ဆင့် ရဟတ်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

“လိုင်လင်းပီမြို့ကနေ တောတိုးပြီး တောလမ်းအတိုင်း ခြေကျင်ခရီးနဲ့ သုံးရက်သွားပြီး နောက်ဆုံးတော့ အိန္ဒိယ-မြန်မာနယ်စပ်၊ အိန္ဒိယဘက်ခြမ်းက လူကီကျေးရွာက ဝင်ရောက်လာကြတယ်။ ဒါကို အာဆမ်ရိုင်ဖယ်တပ်က လာကြိုဆိုတယ်။ နောက်ပြီးတော့ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်က သုံးယောက်ရှိတယ်။ အဲ့ဒါကို ကားရောက်နိုင်တဲ့နေရာအထိ ကားနဲ့သွားကြိုပေးတယ်။ လူကီမှာ နှစ်နာရီလောက်နေပြီးတော့ ဆိုင်းဟားခရိုင်၊ တွံပန်အထိ သွားပို့လိုက်တယ်။ တဆက်တည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားတယ်လို့ပဲ သတင်းရတော့တယ်” ဟု မရာနယ်ကောင်စီ၊ အမှူဆောင်အရာရှိချုပ်ကိုဂျိမ်းက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

လိုင်လင်းပီမြို့မှ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သုံးကြိမ်မြောက်ဖြစ်ပြီး ဖလမ်းမြို့နယ်၊ ရိဒေါ်ဒါရ်မြို့နှင့် သီဘွာလ်စစ်စခန်းကို ချင်းအမျိုးသားတပ်မတော်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှုဖြစ်စဉ်တွင်လည်း အိန္ဒိယဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးခိုလှုံခဲ့ကြသည်။

အိန္ဒိယနိုင်ငံဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးခိုလှုံမှုနှင့်ပတ်သက်၍ လက်ခံကူညီမှုများ လုပ်ဆောင်ပေးရန် အိန္ဒိယဗဟိုအစိုးရနှင့် စစ်ကော်စီတို့အကြား နှစ်ဖက်နားလည်မှုရယူထားကြောင်း သိရပြီး အိန္ဒိယနိုင်ငံဘက်သို့ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း ၇၁ ဦးခိုလှုံခဲ့ကြောင်း သိရသည်။

“အိန္ဒိယဗဟိုအစိုးရနဲ့ စစ်ကောင်စီအကြားမှာ နားလည်မှုတွေယူထားတာ အများကြီးရှိနိုင်တယ်။ အိန္ဒိယအစိုးရဟာ ဒီမိုကရေစီဘက်တော်သား ပြည်သူလူထုတွေဆီမှာ ရပ်တည်တာ အားနည်းတယ်။ ဒါပေမယ့် မီဇိုရမ်ပြည်နယ်အစိုးရကတော့ မားမားရပ်ရပ် ရပ်တည်ပေးတယ်။ ညီအစ်ကိုမောင်နှမလို မြင်တယ်။ ကူညီတဲ့အပိုင်းတွေအများကြီးရှိတယ်။ အိန္ဒိယဗဟိုအစိုးရကတော့ မီဇိုရမ်ပြည်နယ်လို မဟုတ်တော့ဘဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်ခံပြီး မြန်မာပြည်အထိ ပြန်ပို့တဲ့ အပိုင်းတွေရှိတယ်ဆိုတော့ ဒီမိုကရေစီနိုင်ငံကြီးအနေဖြင့် မလုပ်သင့်တဲ့ အပိုင်းလို့ပဲ ကောက်ချက်ချတယ်”ဟု ကိုဂျိမ်းက ဆက်လက်ပြောဆိုသည်။

အိန္ဒိယဗဟိုအစိုးရက မြန်မာပြည်ဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ရိခေါ်ဒါရ်မြို့မှ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသည် ရှေ့တန်းသို့ ထပ်မံစေလွှတ်ခံရသဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့တွင် တမူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း-၄ ထံသို့ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ- (အဟောင်းပြန်လည်အသုံးပြုထားသည်)

#အိန္ဒိယ #ခိုလှုံသော #စစ်ကောင်စီ #၃၀ဦးကို #အိန္ဒိယဗဟိုအစိုးရက #မြန်မာဘက်သို့ #သုံးကြိမ်မြောက်ပြန်ပို့
#Ayeyarwaddy_Times